စကော့တလန်မှာ လွန်းတင်ထားတဲ့ သင်္ဘော တိမ်းစောင်းသွားရာက ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရ

မတ်၊ ၂၃

စကော့တလန်မှာ လွန်းတင်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ သင်္ဘောကြီးတစီး တိမ်းစောင်းသွားခဲ့ရာက လူတွေ ဒါဇင်နဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

 အီဒင်ဘာ့ဂ်က လွန်းကျင်းတခုမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအပြီး ဆေးရုံရောက်လာသူ ၂၁ ဦး ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကျန်တဲ့ ၁၂ ယောက်ကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ အသေးစား ကုသမှုတွေ ခံယူရုံနဲ့ လုံလောက်ခဲ့တယ်လို့ သိရပါတယ်။

 အီဒင်ဘာ့ဂ်မြို့ အုပ်ချုပ်ရေး အာဏာပိုင်တွေက အခု မတော်တဆမှုမှာ ထိခိုက်ခဲ့သူတွေကို အကူအညီတွေပေးဖို့ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

 ၂၅၁ ပေရှည်တဲ့ သုတေသန သင်္ဘောကြီး Petrelကို Microsoft ကုမ္ပဏီ ပူးတွဲ ထူထောင်ခဲ့တဲ့ ကွယ်လွန်သူ ပေါလ်အလန်က ငွေကြေးမတည်ပြီး တည်ဆောက်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သင်္ဘောကြီးဟာ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း ရေအောက်မှာ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ သင်္ဘောပျက်တွေကို ရှာဖွေ ဖော်ထုတ်နိုင်တာကြောင့် လူသိများ အောင်မြင်လာခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်က နှစ်မြှုပ်တာ ခံခဲ့ရတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောတွေဖြစ်တဲ့ USS Hornetနဲ့ USS Lexingtonတို့ကို Petrelက ရှာတွေ့နိုင်ခဲ့ပါတယ်။

 Petrelကို ရေပြင်မှာ ခုတ်မောင်းပြီး သုတေသန လုပ်ငန်းတွေ မဆောင်ရွက်ဖြစ်တော့တာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ကတည်းကဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာတကြိမ်၊ လောလောဆယ် အီဒင်ဘာ့ဂ်မှာတကြိမ် လွန်းတင်ထားခဲ့ပါတယ်။

 ရေယာဉ် ရုတ်တရက် တိမ်းစောင်းသွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် လွန်းကျင်း တာဝန်ရှိသူတွေကတော့ လေအရမ်းပြင်းရာကနေ သင်္ဘောရဲ့ ဟန်ချက်ပျက်ပြီး တဖက်ကို လဲကျသွားတာလို့ ပြောကြားထားကြပါတယ်။