KNUနယ်မြေအတွင်း စစ်ကောင်စီက တရက်တည်းဗုံးအလုံးသုံးဆယ်နီးပါး လေကြောင်းကကြဲချ

မတ်၊ ၂၂

ပဲခူတိုင်းအရှေ့ခြမ်းအတွင်းရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃)နယ်မြေအတွင်း စစ်ကောင်စီက တရက်တည်း လေကြောင်းတိုက်ခိုက်မှုကိုးကြိမ်ပြုလုပ်ကာ ဗုံး(၂၈)လုံးကြဲချခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၃)နယ်မြေ၊ဆောထိမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေထဲ မတ်လ(၂၀)ရက် ညပိုင်းမှာ အဲ့ဒီလိုဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အသက်(၇၀)အရွယ်ဒေသခံတဦးထိခိုက်ဒဏ်ရာရကာ လူ(၃၂၀၀)နီးပါး ထွက်ပြေးတိမ်း ရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေအိမ်ငါးလုံးနဲ့ မူလတန်းကျောင်းတကျောင်းလည်း မီးလောင်ပြာကျခဲ့ တယ်လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက KNU အုပ်ချုပ်မှုနယ်မြေ ဆောထိမြို့နယ် တကက်ပူကျေးရွာထဲကို တိုက်လေယာဉ် နှစ်စီးနဲ့ တကြိမ်မှာ ဗုံးလေးလုံးနဲ့ငါးကြိမ်၊လယ်ဒိုမြို့နယ် တကော်ဒဲကျေးရွာကိုတော့ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံး ရှစ်လုံး ကြဲချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဲ့ဒီမြို့နယ်တွေထဲက ရွာ(၁၇)ရွာက ဒေသခံ သုံးထောင်ကျော်ထွက်ပြေး တိမ်း ရှောင်နေကြရတာပါ။

KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင် ခရိုင်အတွင်းနဲ့ အနီးတဝိုက် ပဲခူးတိုင်းအရှေ့ ခြမ်းဒေသတွေမှာ နှစ် ဘက် ထိတွေ့တိုက်ပွဲတွေနဲ့ KNLA ပူးပေါင်းတပ်တွေဘက်က ပြောက်ကျားတိုက်ခိုက်မှု၊ကြား ဖြတ်တိုက်ခိုက် မှုတွေမကြာခဏရှိနေတာပါ။

KNU တပ်မဟာ(၃)နယ်မြေထဲက မူးမြို့နယ်ထဲမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေအဆက် မပြတ် ပစ်ခတ်တာ၊ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာနဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် အသုံးချတာတွေရှိနေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တပ်မဟာ(၃)နယ်မြေနဲ့ ဆက်စပ်နေတဲ့ တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုဒေသအတွင်းမှာလည်း မတ်လ (၁၆)ရက်ကနေ (၂၀)ရက်အထိ ငါးရက်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ် သားနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကDNAကိုပြောထားသလို KNU ကလည်း အတည်ပြု ထုတ်ပြန်ထားပါတယ်။


ဓာတ်ပုံ – KNU