မတ်၊ ၂၁
စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ တရုတ်ဖက်က တင်ပြတဲ့ အဆိုပြုချက် ၁၂ ခုကို ဆွေးနွေးဖို့ လိုလိုလားလားရှိကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။
မတ် ၂၀ ရက်နေ့က ရှီဟာ ရုရှားနိုင်ငံ၊ မော်စကို မြို့တော်ဆီ ရောက်ရှိလာပြီး ပူတင်က ဖက်လှဲတကင်း ကြိုဆိုခဲ့ပါတယ်။ သမ္မတ နှစ်ဦးက အချင်းချင်း ရင်းနှီးခင်မင်တဲ့ မိတ်ဆွေကောင်းတွေအဖြစ် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လောလောဆယ် ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် တရုတ် အစိုးရက အချက် ၁၂ ခုပါတဲ့ ကြားဝင် ဆွေးနွေးမှု တခုကို အဆိုပြုထားပြီး ပူတင်က ရုရှားအနေနဲ့ အဲဒီ အဆိုပြုချက်အပေါ် လေးလေးနက်နက် စဉ်းစားမယ်လို့ ရှီကို ပြောဆိုခဲ့တာပါ။
ရုရှားဟာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်တွေအတွက် အမြဲတမ်း လမ်းဖွင့်ထားမှာ ဖြစ်တယ်လို့လည်း ပူတင်က ဆိုပါတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ ကြားဝင် ညှိနှိုင်းရေး အဆိုပြုချက်မှာ တရုတ်က နှစ်ဖက်စလုံး ရန်လို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်လည် အစပြုဖို့ တိုက်တွန်းထားပါတယ်။
တဖက်မှာတော့ အမေရိကန် အစိုးရ တရုတ်ရဲ့ စေ့စပ်ညှိနှိုင်းရေး အားထုတ်မှုဟာ အလုပ်မဖြစ်တဲ့ နည်းဗျူဟာမျိုး ဖြစ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ တရုတ်၊ ဒါမှမဟုတ် တခြားနိုင်ငံ တခုခုကို ကြားခံအဖြစ် အသုံးချပြီး ရုရှားက နည်းဗျူဟာ အရွေ့တခုအဖြစ် ပုံဖော်လာတာကို အရူးလုပ် မခံရဖို့လိုကြောင်း ပြောကြားသွားပါတယ်။
တရုတ်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုမှာ ယူကရိန်း မြေပေါ် ကျူးကျော် ရောက်ရှိနေတဲ့ ရုရှားတပ်တွေ သေချာပေါက် ဆုတ်ခွာရမယ်ဆိုတဲ့ အချက်မျိုးတွေ မပါဝင်ပါဘူး။ ယူကရိန်း အစိုးရကတော့ ရုရှားတပ်တွေ ယူကရိန်းမှာ ရှိနေသ၍ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း တင်းတင်းမာမာ သတိပေးထားပါတယ်။
တရုတ်ရဲ့ ကြားဝင် စေ့စပ်ရေး ကိစ္စမှာ နိုင်ငံတိုင်းရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစားဖို့၊ အားလုံးက ဆင်ခြင်တုံတရား ရှေ့ထားပြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ဆိုတာမျိုးတွေသာ တိုက်တွန်းထားပါတယ်။ နောက်ပြီးတော့ ယူကရိန်းရဲ့ မဟာမိတ် အနောက်နိုင်ငံတွေကို ပြစ်တင်တဲ့ သဘောမျိုးအဖြစ် တဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေကိုလည်း တရုတ်က ရှုတ်ချထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ပူတင်ကို လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဝရမ်းထုတ်ပြီး ရက်ပိုင်း အကြာမှာ ရှီက ရုရှားကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။