မတ် ၊ ၂၀
ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က စစ်ကောင်စီတပ်တွေကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေပုဒ်မ၅၀(ည)နဲ့ တရားစွဲဆိုထားတာကို မကြာခင်အမိန့်ချမယ်လို့သိရပါတယ်။
“မမှူးကဒါဏ်ရာပိုများတယ်။ပထမ(၅၀၅)နဲ့ကသူရောကိုကောင်းဆက်လင်းရောနှစ်ယောက်စလုံးကိုအလုပ်ကြမ်းနဲ့ထောင်ဒါဏ်ချပြီးသွားပြီ။ခုကအကြမ်းဖက်မှုဥပဒေပုဒ်မ(၅၀-က)နဲ့တာမွေမြို့မရဲစခန်းမှူးကတရားလိုလုပ်ပြီးသဃ်န်းကျွန်းတရားရုံးမှာဆွဲထားတာပေါ့။မမှူးရတနာဇော်ရဲ့မိခင်ကိုတရားလိုပြသက်သေအနေနဲ့စစ်ပြီးရင်တော့အပြီးသတ်အမိန့်ချဖို့ရှိနေပါတယ်”လို့ ဥပဒေအရာရှိတဦး ကပြောပါတယ်။
သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခံရပြီးအလုုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရပြီး ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်တဲ့ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့တဲ့ဥပဒေပုဒ်မ ၅၀(ည)နဲ့လည်းစွဲဆိုခံထားရတာပါ။
Myanmar Pressphoto Agency( MPA ) သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း ဟာ လက်ရှိ အင်းစိန်ဆေးရုံ ရဲအချုပ်လူနာဆောင်(Guard Ward) မှာ ခြေသလုံးရိုးခွဲစိတ်ပြီး စတီးချောင်းအစားထိုးကုသမှုကိုလုပ်ဆောင်နေရတယ်လို့လည်းသိရပါတယ်။
ကားနဲ့တိုက်ပြီးဖမ်းဆီးခံရတဲ့ဒဏ်ရာတွေထဲက သာမန်ဒဏ်ရာတွေပျောက်ကင်းသွားပေမယ့် ဘယ်ဖက်ခြေထောက်ခြေသလုံးရိုးမှာ သုံးနေရာ အရိုးကြေမွသွားတဲ့အတွက် အခုအချိန်အထိ ချိုင်းထောက်၊ ဝှီးချဲနဲ့ သွားလာနေရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် လုံခြုံရေးအရဆိုပြီး ဆေးရုံကုတင်မှာ သံခြေကျင်းခတ်ထားတဲ့အတွက် အခက်အခဲရှိနေတယ်လို့လည်း ပြည်တွင်းမီဒီယာတခုရေးသားဖော်ပြထားပါတယ်။
မမှူးရတနာခက်မို့မို့ထွန်းဟာမတ်လ ၁၇ ရက်ထဲက စတီးချောင်းအစားထိုးခွဲစိတ်မှုပြီးစီးခဲ့တာဖြစ်ပြီးလာမယ့်မတ်လ(၂၁)ရက် သဃ်န်းကျွန်းခရိုင်တရားရုံး မှာမိခင်ဖြစ်သူကို တရားလိုပြသက်သေအဖြစ်စစ်ဆေးမယ့်တရားခွင်ကိုတက်ရောက်နိုင်ကြားနာနိုင်ခြင်းရှိ၊မရှိကိုတော့မပြောနိုင်သေးဘူးလို့လဲသိရပါတယ်။
“မိခင်ကိုအရင်စစ်မှာ။အဲ့ဒါကလဲမမှူးအခြေအနေမသိရသေးတော့တရားခွင်ကဖြစ်ချင်မှဖြစ်မှာပေါ့။
အဲ့ဒါတွေပြီးတော့မှအပြီးသတ်အမိန့်ချမှာပါ”လို့ ကဆက်ပြောပါတယ်။
လက်ရှိမှာတော့စစ်ကောင်စီဖက်ကကျန်ရှိနေသေးတဲ့သတင်းသမားတွေကိုသပိတ်အဖွဲ့တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့အကြမ်းဖက်ဥပဒေနဲ့ပုဒ်မတပ်ပြီးဆက်လက်တရားစွဲဆိုနေတာတွေရှိနေပါတယ်။
လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းက ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ စစ်ကောင်စီဟာ သတင်းသမား ၁၅၀ ဦးကို ဖမ်းဆီးခဲ့ပြီး ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာသေဆုံးခဲ့ပါတယ်။
အဲဒီအထဲမှာ သတင်းသမား ၉၅ ဦးပြန်လည်လွတ်မြောက်လာပေမယ့် ဝါရင့်သတင်းစာဆရာ စည်သူအောင်မြင့်အပါအဝင် သတင်းမား ၅၅ ဦးကျန်နေသေးတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု(၅၀၅-က)၊အကြမ်းဖက်မှုဥပဒေပုဒ်မ(၅၀၅-က)၊ အကြမ်းဖက်မှုဥပဒေပုဒ်မ (၅၀-ည)တွေနဲ့ တရားစွဲဆိုထားတွေပြုလုပ် နေတာပါ။