မတ်၊ ၂၀
သမ္မတ အီဘရာဟင်မ် ရိုင်ဆီကို တရားဝင် အလည်အပတ် ခရီးစဉ် လာရောက်ဖို့ ဆော်ဒီ အာရေးဘီးယား အစိုးရက ဖိတ်ခေါ်ထားကြောင်း အီရန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသက ခါးသီး ရန်ဘက် နှစ်နိုင်ငံကြား တရုတ်ရဲ့ ကြားဝင် စေ့စပ်ပေးမှုနဲ့အတူ သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ သဘောတူညီမှု ရရှိပြီး တပတ် အကြာမှာ အီရန်ဆီက အခု ကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။ ဆော်ဒီဘုရင် ဆယ်လ်မန်ရဲ့ ပေးစာတစောင်နဲ့ အီရန် သမ္မတ အီဘရာဟင်မ် ရိုင်ဆီကို ဖိတ်ကြားလာတာလို့ အီရန်က ပြောပေမယ့် ဆော်ဒီကတော့ လောလောဆယ်မှာ အဲဒီ ကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အရှေ့ အလယ်ပိုင်း ဒေသရဲ့ ခေတ်သစ် သမိုင်းကြောင်းဟာ အဲဒီ နှစ်နိုင်ငံကြားက ခါးသီးတင်းမာတဲ့ အားပြိုင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အဲဒီနောက် တရုတ်က ကြားဝင် စေ့စပ်ပေးခဲ့ပြီး နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်ထူထောင်ဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် ဒေသတခုလုံးရဲ့ ပထဝီဝင် နိုင်ငံရေး သွင်ပြင် လက္ခဏာတွေမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။
အီရန် အစိုးရ ထိပ်တန်း အရာရှိ တဦးဖြစ်တဲ့ မိုဟာမက် ဂျမ်ရှီဒီက အခုအခါ ဆော်ဒီ အစိုးရဟာ သမ္မတ ရိုင်ဆီကို မြို့တော် ရီယတ်ဒ်ဆီ အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်ထားကြောင်း Twitterမှာ ရေးသားထားခဲ့ပါတယ်။ ရိုင်ဆီကလည်း ဆော်ဒီရဲ့ ကမ်းလှမ်းချက်အပေါ် လိုလိုလားလား ကြိုဆိုထားပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ဖို့ အသင့်ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။
သီးခြားအနေနဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီး အေမာ အက်ဘ်ဒိုလာဟီယန်က နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးအဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း ကနဦး သဘောတူညီမှုတွေ ရရှိထားပြီး ဆွေးနွေးပွဲ ဖြစ်နိုင်ခြေ နေရာ ၃ ခုကို ညှိနှိုင်း ရွေးချယ်နေကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲ တိုးတက်မှုတွေကို အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ကြိုဆိုပေမယ့် သတိကြီးကြီးနဲ့ စောင့်ကြည့်နေဆဲပါ။ ဆော်ဒီနဲ့ အီရန်တို့ကြား အရင်က ရင်ကြားစေ့ရေး အားထုတ်မှုတွေဟာ မအောင်မြင်ဘဲ နောက်ပိုင်းမှာ ပျက်ပြယ်သွားခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။
Ref: BBC