မတ်၊ ၁၈
စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကိုင်းမြို့နယ် ရွှေဂဲပြန်ရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ရွာခံအမျိုးသမီးတဦးရဲ့အလောင်းကို ပြန်တွေ့ခဲ့ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဂဲပြန်ကျေးရွာကို စစ်အုပ်စုက မနေ့က မတ်လ ၁၇ ရက်မှာ စတင်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးခဲ့ကြရတာပါ။ အဲ့ဒီလိုထွက်ပြေးနေကြချိန် ထမင်းချက်ဖို့ရွာထဲ ပြန်လာတဲ့ အမျိုးသမီးကို စစ်အုပ်စုက အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တာလို့ သူကဆိုပါတယ်။
“စစ်ကြောင်းရွာထဲက ပြန်သွားတဲ့ အချိန်ကျွန်တော်တို့ ရွာထဲဝင်ကြည့်တဲ့အချိန် သူ့ကိုတွေ့တာပါ၊ အဲဒီအမျိုးသမီးက သူက ကလေးအမေပါ ထမင်းပြန်ဝင်ချက်တဲ့အချိန် စစ်အုပ်စုနဲ့ တွေ့သွားတာပေါ့၊ သူအိမ်မှာပဲ အဓမ္မပြုကျင့်သတ် ဖြတ်ခံလိုက်ရတာပေါ့၊ သူ့ကိုစတွေ့တဲ့အချိန်မှာလည်း အပေါ်ပိုင်းက အင်္ကျီမရှိတော့ဘူးပေါ့၊ မုဒိမ်းကျင့်သွားတယ်ဆိုတာကတော့ သေချာပါတယ် ” လို့ ဒေသခံက ပြောပါတယ်။
အလားတူပဲ အဲဒီကျေးရွာရဲ့အနီးနားမှာရှိတဲ့ မဇလီကျေးရွာမှာလည်း စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး သံဃာတပါး ပျံလွန်ခဲ့သေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် စစ်ကိုင်း၊ ဝက်လက်နဲ့ မတ္တရာမြို့နယ် ထိစပ်ဒေသ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ စစ်ကြောင်းထိုး မီးရှို့မှုတွေ ဆက်တိုက်လုပ်နေတာပါ။
အဲ့ဒီလိုစစ်ကြောင်းထိုးနေချိန်အတွင်း ဒေသခံတော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးသလို ကာကွယ်ရေးတပ်တွေဘက်ကလည်း ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းတွေဖော်ပြပေးနေတဲ့ wetlet information network က ဆိုပါတယ်။
စစ်အုပ်စုက မတ္တရာမြို့နယ် အနောက်ခြမ်းမှာ လတ်တလော ခြောက်ရက်အတွင်း ရွာခြောက် ရွာ က နေအိမ် (၂၁၅) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ wetlet information network ကဖော်ပြပါတယ်။
လက်ရှိမှာ မတ္တရာမြို့နယ်ကို စစ်ကောင်စီကစစ်ကြောင်းထိုးနေတာကြောင့် မြွေရွှေဂဲရွာ၊ မြွေကြည်ကုန်းရွာ၊ မြွေကတို့ဆိပ်ရွာ၊ မြွေပုသိပ်ရွာ၊ မြွေမြစ်ရိုးရွာ၊ မြွေရေယဉ်ရွာ အပါအဝင် ပိုဝ ၊ စိန်ပန်းကုန်း၊ ဒေါင်းကျွန်းရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဓာတ်ပုံ – Wetlet Information Network