မတ်၊ ၁၇
အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲအသစ်ဟာ လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ဘူးလို့ နိုင်ငံတကာနဲ့ ပြည်တွင်းက နိုင်ငံရေးလေ့လာသူတွေ၊ ပါတီခေါင်းဆောင်တချို့ကပြောဆိုလိုက်ပါတယ်။
အရေးပေါ်ကာလကို ခြောက်လထပ်မံသက်တမ်းတိုးထားတဲ့စစ်ကောင်စီဟာ နိုင်ငံတဝန်းက လက်နက်ကိုင်ဆန့်ကျင်နေတဲ့သူတွေကို အင်းအားပိုသုံးပြီးချေမှုန်းဖို့ကြိုးစားနေသလိုတဖက်ကလည်း နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ‘’ခုတတိုင်းတပြည်လုံးရောက်နေတဲ့ အကျပ်အတည်းကိုဒီရွေးကောက်ပွဲက ထွက်လို့ရလိမ့်မယ်မထင်ဘူး။ ပြီးတော့ ဒီစစ်အုပ်စုကို ပြည်သူတွေကရော တကမ္ဘာလုံးကရောလက်ခံနိုင်လိ့မ်မယ်မထင်ဘူး။ အဲ့အခြေအနေအောက်မှာ ဒီဟာတွေကိုကျော်လွှားဖို့ သက်သက်လုပ်တဲ့ရွေးကောက်ပွဲလို့ပဲမြင်တယ်’’လို့ ပြောပါတယ်။
လက်ရှိအာဏာသိမ်းစစ်ကောင်စီကိုယ်တိုင်က တရားမဝင်အစိုးရဖြစ်တဲ့အတွက် သူတို့ကျင်းပတဲ့ရွေးကောက်ပွဲဟာ တရားဝင်မှာမဟုတ်တဲ့အတွက် ဝိုင်းဝန်းဆန့်ကျင်ဖို့လိုတယ်လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။
ကျင်းပမယ့်အချိန်ထုတ်ပြန်ကြေညာတာမရှိသေးပေမယ့် အချိုးကျကိုယ်စားပြု စနစ်နဲ့ကျင်းပမယ့်ရွေးကောက်ပွဲအတွက် စစ်ကောင်စီက နိုင်ငံရေးပါတီတွေကို ဒီလ ၂၈ ရက်နောက်ဆုံးမှတ်ပုံတင်ဖို့ ထုတ်ပြန် သတိပေးထားပါတယ်။
လက်ရှိအချိန်မှာတော့ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်အတွက် ဖေဖော်ဝါရီ ၁ ရက်ကနေ မတ်လ ၁၆ ရက်အထိ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်(UCE)ထံမှာ နိုင်ငံတဝန်းစည်းရုံးမယ့်ပါတီ ၇ ပါတီ၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အဆင့်မှာသာ စည်းရုံးမယ့်ပါတီ ၂၀၊ စုစုပေါင်း ၂၇ ပါတီ ရှိနေပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မှတ်ပုံတင်ထားတဲ့ပါတီအများစုကတော့ ရွေးကောက်ပွဲဝင်တဲ့နည်းလမ်းနဲ့သာ ငြိမ်းချမ်းပြီးလက်ရှိအကျပ်အတည်းကိုဖြေရှင်းနိုင်မယ့်ထွက်ပေါက်ဖြစ်သလို နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်လို့ယုံကြည်တယ်လို့ ပြောဆိုထားကြပါတယ်။
စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ ဟန်ပြသာဖြစ်ပြီး လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၈ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက စစ်ကောင်စီဟာ အာဏာရေရှည်တည်တံ့ခိုင်မြဲဖို့ ရွေးကောက်ပွဲတရပ်ကိုကျင်းပဖို့ ပြင်ဆင်နေတယ်လို့လည်း ဒီကနေ့ပြောထားပါတယ်။
‘’အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေ၊ ပြည်သူတွေနိုင်ငံရေးလွတ်လပ်ခွင့်မရှိတဲ့ အခြေအနေမှာ စစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲဟာ အကြမ်း ဖက်မှုတွေကိုသာ ပိုဆိုးလာနိုင်စေပါတယ်’’ လို့ မစ္စနိုလင်းဟေဇာကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာရေရှည်တည်မြဲဖို့အတွက် ရွေးကောက်ပွဲတရပ်ကျင်းပဖို့ပြင်ဆင်နေတာဖြစ်ပြီး အဲဒီရွေးကောက်ပွဲကို ပြည်သူတွေမပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရအပါ အဝင် တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။
ဒါ့အပြင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီကလည်း စစ်အာဏာရှင်ထွက်ပေါက်အဖြစ်လုပ်တဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်မှာမဟုတ်လို့ဒေသတွင်းအပါအဝင် တနိုင်ငံလုံးက ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တဲ့ပါတီတွေရဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတယ်လို့ ဒီလ ၁၄ ရက်က ထုတ်ပြန်ပါတယ်။
‘’လက်ရှိစစ်ကောင်စီကြုံတွေ့နေရတဲ့ နိုင်ငံတကာအခက်အခဲအကျပ်အတည်းကို လွယ်လွယ်နဲ့ စိတ်လျော့မှာတော့မဟုတ်ဘူး။ စစ်ရေးက ဘယ်လောက်ပြင်းထန်လာနိုင်လဲဆိုတာစောင့်ကြည့်နေတယ်။ကျွန်တော်တို့ တအာင်းလူမျိုးတွေယုံကြည်ထားတာကတော့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့အထိဒီစစ်အာဏာရှင်တော်လှန်ကိုအဆုံးထိတိုက်ပွဲဝင်သွားမယ်’’လို့ တအာင်းဒေသတွင်းနိုင်ငံလေ့လာသူ ဆိုဒါန်းက ပြောပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလကပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အ ကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့၊ ငြိမ်းချမ်းတဲ့အဖြေတခုရအောင် သက်ဆိုင်သူအားလုံးအပြုသဘောဆွေးနွေးကြဖို့အပါအဝင် အချက် ငါးချက်ကို အာဏာသိမ်းစစ်ခေါင်းကိုယ်တိုင် သဘောတူခဲ့ပေမယ့်လိုက်နာမှုမရှိလို့ ဝေဖန်တာတွေလည်းရှိပါတယ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး မြန်မာစစ်တပ်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အနိုင်ရ အင်န်အယ်လ်ဒီပါတီကို အာဏာလွှဲမပေးခဲ့ဘဲ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ အဲဒီရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပကာ အာဏာဆက် လက်ရယူခဲ့ပါတယ်။
အလားတူ အင်န်အယ်လ်ဒီအစိုးရက ဦးဆောင်ကျင်းပတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီကအပြတ် အသတ်ထပ်မံအနိုင်ရခဲ့ပြီးနောက်စစ်တပ်က ရွေးကောက်ပွဲမသမာမှုတွေရှိတယ်လို့စွပ်စွဲပြီးအာဏာထပ်သိမ်းထားတာပါ။
နိုင်ငံရေးလေ့လာသူဦးရဲထွန်း(သီပေါ)ကတော့ ပြဿနာရဲ့အဖြေကရွေးကောက်ပွဲဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီရွေးကောက်ပွဲမဝင်နိုင်ရင် ပြည်သူမဲပေးတာနည်းပြီး ပြည်တွင်း၊ ပြည်ပအာရုံစိုက်မှုရဖို့ခက်ခဲမယ်လို့ သုံးသပ်ပါတယ်။
‘’ရွေးကောက်ပွဲနဲ့ အဖြေရှာမယ်ဆိုပေမယ့် အင်န်အယ်လ်ဒီကိုချန်ထားမယ်ဆိုရင် ရွေးကောက်ပွဲနဲ့တက်လာမဲ့ အစိုးရကို ပြည်တွင်း၊ ပြည်ပထောက်ခံမှုနည်းမှာအသေအချာပဲ ‘’လို့ဆိုပါတယ်။