မတ်၊ ၁၇
ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်ခရိုင်နဲ့ ကချနဘူရီခရိုင်မှာ နှစ်ရက်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမား ၆၀ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး အရေးယူထားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်၊၊
ပရကျွပ်ခီရီခန်ခရိုင်နဲ့ ကချနဘူရီခရိုင်တွေမှာ မတ်လ ၁၅ရက်နဲ့ ၁၆ရက် နှစ်ရက်ဆက် တရားမဝင် မြန်မာရွှေ့ ပြောင်းလုပ်သား သုံးဆယ်ဝန်းကျင်စီ ဖမ်းဆီးခံခဲ့ရတာပါ။
ကချဘူရီခရိုင်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ရွှေ့ပြောင်းလုပ်သား (၃၃)ဦးဟာ သူတို့လိုက်ပါ စီးနင်းလာတဲ့ ကားဘီး ပေါက်တာကြောင့် ကန်ချနဘူရီ-စိုင်ယွတ် အမြန်လမ်းမ ဘေးမှာ ရပ်ထားချိန် ရွာလူကြီးနှစ်ဦးက တွေ့ပြီး ရဲ တပ် ဖွဲ့ကို အကြောင်းခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့က လာရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး ကားသမားကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်၊၊
ထိုင်းနိုင်ငံအတွင်းသို့ တောလမ်းအတိုင်း တရားမဝင် ဝင်ရောက်လာခဲ့ပြီး ထိုင်းနိုင်ငံသားတဦးက ကားနဲ့ လာခေါ် ခဲ့ကြောင်း ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ထွက်ဆိုထားတယ်လို့လည်း ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
ပရကျွပ်ခီရီခန်ခရိုင်မှာ ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂၇ဦးကတော့ထိုင်းနိုင်ငံက တဆင့် မလေးရှားနိုင် ငံကို သွားဖို့ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံရတာလို့ဆိုပါတယ်။
မလေးရှားကို အလုပ်သွားလုပ်ဖို့အတွက် ရွှေ့ပြောင်းအလုပ်သမားတဦးစီက ထိုင်းဘတ် (၄၅၀၀၀)ကနေ (၅၀၀၀၀)အထိ ပွဲစားခပေးခဲ့ရပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ဂိတ်ကနေ ထိုင်းဘက်ကို တရားမဝင် လမ်းကြောင်း ကနေဝင်လာတယ်လို့လည်းသိရပါတယ်၊၊
ထိုင်းဘက်ခြမ်းကို ရောက်ရှိချိန် အုန်းတောခြံ တခုမှာ လာခေါ်မယ့် ပွဲစားကို စောင့်ဆိုင်းနေချိန် အပျော်တမ်း ငါး ဖမ်းဖို့ ရောက်နေတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကို ပွဲစားထင်ပြီး သွားတွေ့ရာက အဲ့ဒီထိုင်းနိုင်ငံသားတွေက ရဲစခန်းတိုင် လို့ အဖမ်းခံလိုက်ရတာလို့ အလုပ်သမားအရေးကူညီသူတွေကပြောပါတယ်။
“ပွဲစားကို မမိဘူးဆိုရင်တော့အရေးယူဆောင်ရွက်မှုကပေါ့ပါတယ်။ တကယ်လို့ ပွဲစားကိုမိရင်တော့ လူကုန်ကူးမှုနဲ့ အမှုဖွင့်မယ်၊အမှုရဲ့အနေအထားပေါ်ကိုမူတည်ပြီး ကလေးတွေက စင်တာထဲနေရတာရှိတယ်၊ တချို့တွေကို ပွဲ စား ကပြန်ရွေးသွားတယ်၊ တချို့တွေကတော့ ITCရောက်ပြီး မြန်မာပြည်ပြန်ပို့ခံရတယ်”လို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိတဲ့ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေ အရေးယူခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ရွှေ့ပြောင်းလုပ် သားတွေအရေး ကူညီပေးနေတဲ့ AAC သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ကိုနေလင်းသူကပြောပါတယ်။
လက်ရှိဖမ်းဆီးခံရသူတွေကတော့ ထိန်းသိမ်းးရေးစင်တာကနေ တဆင့် မြန်မာပြည်ပြန်ပို့ခံရဖို့ရှိတယ်လို့ သူက ပြောပြပါတယ်။
အလုပ်သမားအရေး ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ အခုလအတွင်း ထိုင်းနိုင်ငံထဲ နည်းလမ်းအမျိုးမျိုးနဲ့ တရားမဝင်ဝင်ရောက်လာပြီး ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား သုံးရာကျော်အ ထိရှိနေတယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းနဲ့ ဝင်ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေဟာ နေ့စဉ် နှစ်ရာကျော် အထိ ရှိနေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။