ရက်ရှ်ဖို့ဒ်ရဲ့ စိတ်ဓာတ်ပိုင်း အားကောင်းမှုကို ချီးကျူးခဲ့တဲ့ တန်ဟက်ဂ်

မတ်၊ ၁၇

တိုက်စစ်မှူး မားကက်စ်ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ အာရုံစူးစိုက်မှု၊ ဇွဲမလျှော့မှုစတဲ့ စိတ်ဓာတ်ရေးရာ အရည်အသွေးတွေကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ချီးကျူးသွားခဲ့ပါတယ်။

 လက်ရှိရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အသက် ၂၅ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ရီးရဲလ်ဘက်တစ်ကို စပိန်မြေမှာ အနိုင်ယူခဲ့ရာမှာ အသင်းအတွက် တလုံးတည်းသော ဂိုးကို လှပတဲ့ အဝေးကန်ချက်နဲ့ ရယူပေးသွားခဲ့ပါတယ်။ ဘက်တစ်ကို အဝေးကွင်းမှာ တဂိုးတည်းနဲ့ ကပ်အနိုင်ယူခဲ့တဲ့နောက် ယူနိုက်တက်ဟာ နှစ်ကျော့ပေါင်းရလဒ် ၅-၁ နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကလည်း အခုရာသီမှာ အသင်းအတွက် ၂၇ ဂိုးထိ သွင်းယူထားပြီ ဖြစ်ပါတယ်။

 နယ်သာလန်သား မန်နေဂျာ တန်ဟက်ဂ်က ရက်ရှ်ဖို့ဒ် လက်ရှိပြသနေတဲ့ ပုံစံကောင်းဟာ သူ့ရဲ့ စိတ်ဓာတ်ပိုင်း အားကောင်းမှုနဲ့ အများကြီး သက်ဆိုင်တယ်လို့ ပြောပါတယ်။ ဒီပွဲမှာ အသင်းက အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်က ဖြုန်းတီးမိခဲ့ကြောင်း၊ ဒါပေမဲ့ သူ့ရဲ့ ယုံကြည်မှုကို လုံးဝ အပျောက်မခံဘဲ ဆက်တိုက် ကြိုးစားပြီး အဆုံးသတ်မှာတော့ လှပတဲ့ သွင်းဂိုးကို ဆုလာဘ်အဖြစ် ရသွားခဲ့ကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။

 ထိပ်တန်း တိုက်စစ်မှူးတိုင်းက ရသမျှ အခွင့်အရေးတိုင်းကို ဂိုးသွင်းနိုင်မှာ မဟုတ်မှန်း သဘောပေါက်ကြကြောင်း၊ ဒါပေမဲ့ အခုလိုအဆင့် ပွဲမျိုးတွေမှာ အခွင့်အရေးတွေ ဖောဖောသီသီ ဖန်တီးနေနိုင်မှာ မဟုတ်တဲ့အတွက် ရတဲ့ တကြိမ်၊ နှစ်ကြိမ်လောက်ကနေ ဂိုးသွင်းနိုင်ဖို့ အရေးကြီးကြောင်းလည်း တန်ဟက်ဂ်က ဆက်ပြောသွားပါတယ်။

 ရက်ရှ်ဖို့ဒ်သာ အာရုံစူးစိုက်မှု အပျောက်မခံဘဲ သူ့လမ်းကြောင်းအတိုင်း ဆက်သွားနေမယ်ဆိုရင် ဒီထက် ဂိုးတွေ ပိုရလာမှာ ဖြစ်သလို အသင်းကလည်း သူဂိုးသွင်းနိုင်အောင် ဝိုင်းဝန်း ပံ့ပိုးပေးရလိမ့်မယ်လို့ တန်ဟက်ဂ်က မှတ်ချက် ပေးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ တကယ်ထက်မြက်တဲ့ အဆုံးသတ် စွမ်းရည် ရှိတယ် ဆိုတာကိုတော့ ထပ်ပြီး သက်သေပြနေစရာ မလိုတော့ပါဘူးလို့လည်း သူက ပြောကြားသွားခဲ့ပါတယ်။

 တန်ဟက်ဂ်ဟာ ၂၀၂၀ ပြည့်နှစ် ကတည်းက အသင်းကို ရောက်နေပေမယ့် အခုပွဲမှသာ ပွဲထွက် ၁၁ ဦး စာရင်းကို ပထမဆုံးအကြိမ် ပါဝင် ကစားခွင့် ရခဲ့တဲ့ ဥရုဂွေး လူငယ် ကစားသမားလေး ဖာကွန်ဒို ပယ်လစ္စထရီနဲ့ ပတ်သက်လို့လည်း အားရကျေနပ်ကြောင်း ချီးကျူး အသိအမှတ် ပြုသွားခဲ့ပါတယ်။