မတ်၊ ၁၆
ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ထဲက တရုတ်နိုင်ငံသားပိုင် G&B Manufacturing (Myanmar) အထည်ချုပ်စက်ရုံက တာဝန်ရှိသူတွေဟာ အလုပ်သမားတွေကို လုပ်သက်နှစ်ကြေးပေးဖို့ ဦးဆောင်တောင်းဆိုတဲ့ စက်ရုံအလုပ်သမားတဦးကို ရိုက်နှက်ပြီး အလုပ်ကထုတ် ပယ်လိုက်တယ်လို့ စက်ရုံလုပ်သားတွေက DNA ကို ပြော ပါတယ်။
အထည်ချုပ်စက်ရုံတွေက နှစ်စဉ် သင်္ကြန်နှစ်သစ်ကူးကာလမှာ ပေးလေ့ရှိတဲ့ လုပ်သက်နှစ်ကြေးကို အဲ့ဒီစက်ရုံက ဒီနှစ်မှာမပေးဘူးလို့ သတင်းထွက်လာတာကြောင့် စက်ရုံလုပ်သားတဦးဖြစ်တဲ့ ကိုဝေက စက်ရုံတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ နှစ်ကြေးပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလိုတောင်းဆိုတာကြောင့် အလုပ်သမားတွေကို လုပ်သက်နှစ်ကြေးအဖြစ် တယောက် ကျပ်ငါးထောင်ပေးဖို့ စက်ရုံဘက်က သဘောတူလိုက်ရပြီးနောက် ရက်ပိုင်းအတွင်း ဦးဆောင်တောင်းဆိုခဲ့တဲ့ ကိုဝေကို ရိုက်နှက်ခဲ့တဲ့အပြင် စစ်ကောင်စီရဲအရာရှိနဲ့ ခြိမ်းခြောက်ဖိအားပေးပြီး အလုပ်ကထွက်ခိုင်းလိုက်တာလို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေက ပြောပါတယ်။
“ကောင်လေးက လွန်ခဲ့တဲ့နှစ်က အလုပ်သမားတွေကို အိုတီမပေးတဲ့ကိစ္စ (တောင်းဆိုရာ)မှာ သူက ခေါင်းဆောင်ပါတယ်၊ ဒီနှစ်သင်္ကြန်ရက်အတွက် နှစ်ကြေးတယောက်ငါးထောင် စက်ရုံဘက်ကပေး ဖို့ကိစ္စမှာလဲ သူပဲခေါင်းဆောင်ပြီး သွားညှိတာ”လို့ အလုပ်သမားတဦးက ပြောပြပါတယ်။
စက်ရုံအလုပ်သမား ကိုဝေကို စက်ရုံဘက်က ဖိအားပေးအလုပ်ထုတ်ပြီးနောက် အလုပ်ထုတ်နစ်နာကြေးနှစ်သိန်း ပေးထားပေမယ့် ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ လုပ်သားနှစ်ဦးကိုတော့ အလုပ်က မထုတ်ဘဲ ဝန်ထမ်းအဖြစ် ဆက်ခန့်ထားတဲ့အပေါ် ကျန်တဲ့အလုပ်သမားတွေက မကျေနပ်လို့ စက်ရုံတွင်းမှာ ဆန္ဒပြမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“သူတို့ အဓိကတောင်းဆိုတာတော့ ဒီကောင်လေးကို အလုပ်ပြန်ခန့်ဖို့ပေါ့၊ ကျွန်မတို့ဘက်ကတော့ သက်ဆိုင်ရာအမှတ်တံဆိပ်တွေနဲ့ ချိတ်ဆက်ပြီး ဒီကိစ္စကို ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်”လို့ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကူညီပေးနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေလုပ်သားသမဂ္ဂများအဖွဲ့ချုပ် FGWM တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီစက်ရုံကလုပ်သားတွေဟာ အချိန်ပိုကြေးမပေးပဲ အလုပ်ခိုင်းစေခံရတာ၊ အခုလို လုပ်သားအခွင့်အရေးတောင်းဆိုတဲ့ လုပ်သားကို ရိုက်နှက်အလုပ်ထုတ်တာတွေကြောင့် အလုပ်သမားအဖွဲ့အစည်းတွေကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာ လုပ်သား ခုနစ်ရာဝန်းကျင်လောက်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင် G&B Manufacturing (Myanmar)စက်ရုံဟာ ဥရောပကိုတင်ပို့တဲ့ Sinsay အမှတ်တံဆိပ် အဝတ်အထည်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ စက်ရုံတာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံပိုင်ရှင်တွေဟာ အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်တာ၊ ခံစားခွင့်တွေ အပြည့်အဝမပေးတာ၊ နစ်နာကြေးမပေးဘဲ စက်ရုံပိတ်သိမ်းတာ စတာတွေ ပိုလုပ်လာကြတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
ဓာတ်ပုံ – FGWM