ရေဦးမှာ အိမ်စီးကားတစီးအပစ်ခံရပြီး တဦးသေဆုံး၊ ကလေးငယ်တဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

မတ်၊ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာအနီးမှာ ဒီကနေ့ (မတ် ၁၅ ရက်) နံနက်ပိုင်းက အိမ်စီးကားတစီးပစ်ခတ်ခံရတာကြောင့် အမျိုးသားတဦးသေဆုံးပြီး ကလေးငယ်တဦးအပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

လူသုံးဦးလိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားကို ကျောင်းရွာကျေးရွာအနောက်ဘက်လမ်းမပေါ်မှာ လက်နက်ငယ်များနဲ့ ခြုံခိုပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

သေနတ်ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အသက် (၃၀)နှစ်ကျော် ဦးလွင်မိုးအေးမှာ ခန္ဓာကိုယ်အနှံ့ ကျည်ဖောက်ဝင်ဒဏ်ရာများနဲ့ အခင်းဖြစ်ရပ်နေရာပင် ပွဲချင်းသေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါတဲ့ ဇနီးဖြစ်သူ အသက် ၃၀ နှစ်အရွယ်အမျိုးသမီးနဲ့ သားဖြစ်သူ အသက် ၈ နှစ်အရွယ် ကလေးတဦးတို့ ကျည်ရှပ်မှန်ပြီးဒဏ်ရာများ ရရှိခဲ့တယ်လို့ ရေးမြို့ခံတဦးက DNA ကို ပြောပါတယ်။

“ မနက်က ၈ နာရီကျော်လောက်မှာ ပစ်ခတ်ခံရတာ။သိရသလောက်တော့ မြို့တက်ဖို့ သွားတာလို့ ပြောတယ်။လမ်းမှာပဲ ပစ်ခံလိုက်ရတာ၊ သေတာက ကိုလွင်မိုးအေး ပွဲချင်းပဲ။ သူ့မိန်းမနဲ့ ကလေးကတော့ ကျည်ရှပ်ဒဏ်ရာတွေ ရတယ်။” ဟု ၎င်းက ပြောပါတယ်။

လက်ရှိကျည်ရှက်ထိဒဏ်ရာရရှိထားတဲ့ ကလေးက ဒဏ်ရာမပြင်းထန်ပေမယ့် မိခင်ဖြစ်သူကတော့ ဒဏ်ရာများ ပြင်းထန်ပြီး စိုးရိမ်ရတာ ကြောင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဦးလွင်မိုးအေးက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး နှစ်လုံးထီ၊ သုံးလုံးထီရောင်းချနေတာနဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ပစ်ခတ်ရှင်းလင်းပြီးအပြန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ လမ်းမှာ ထိပ်တိုက်တွေ့ဆုံကာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက် ၆ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီးရေးဘီလူးအဖွဲ့က အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

“အပြန်မှာ စစ်တပ်နဲ့ ထိပ်တိုက်တွေ့တယ်။ ပစ်ခတ်မှုခဏဖြစ်တယ် ။တပ်ဘက်က အပိုင်စောင့်ပစ်ပါတယ်။ ဒဏ်ရာရရှိသူမရှိပါဘူး။ ကားတစီးကျန်ခဲ့တာကို ဝန်ခံပါတယ်’’ ဟု ၎င်းက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရတော့ ဦးလွင်မိုးအေးက နှစ်လုံးသုံးလုံးထီရောင်းချနေသူမှန်ပေမယ့် တချို့ကိစ္စတွေမှာ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ အလုပ်သဘောအရ ပေါင်းသင်းဆက်ဆံတဲ့သဘောမျိုးသာ ရှိပြီး သတင်းပေးတဲ့ ဖြစ်စဉ်မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စစ်တပ်သတင်းပေးဒလန်တွေ မကြာခဏပစ်ခတ်ရှင်းလင်းခံရလေ့ရှိပြီး ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အများစုက ရေးဘီလူးအဖွဲ့က လုပ်ဆောင်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်သည်တော်တွေလိုုက်နာရမယ့်ကျင့်ဝတ် နဲ့ အညီ ဆောင်ရွက်ကြဖို့မကြာခဏတိုက်တွန်းတာရှိပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေလက်ချက်နဲ့ သေဆုံးသူ ၅၄၄၃ ဦးနဲ့ ဒဏ်ရာရသူ ၄၅၇၇ ဦးရှိတယ်လို့ထုတ်ပြန်ထားပါတယ်။