ရုရှားတိုက်လေယာဉ်တွေ နှောင့်ယှက်လို့ အမေရိကန်ဒရုန်း ပျက်ကျ

မတ်၊ ၁၅

ရုရှား တိုက်လေယာဉ်တွေရဲ့ နှောင့်ယှက်မှုကြောင့် တိုက်ခိုက်ရေး ဒရုန်းတစီး ပျက်စီးခဲ့ကြောင်း အမေရိကန် စစ်တပ်က ကြေညာပါတယ်။

ပင်လယ်နက် ဒေသက ဖြစ်စဉ်မှာ ရုရှား တိုက်လေယာဉ်တွေဟာ ရည်ရွယ်ချက်ရှိရှိ ရန်စ နှောင့်ယှက်ခဲ့တာလို့လည်း အမေရိကန်ဘက်က စွပ်စွဲ ပြောကြားထားပါတယ်။ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာ့ အင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေချိန်မှာ အခုလို ပြဿနာမျိုးကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာက အမေရိကန် အစိုးရအတွက် ခေါင်းခဲစရာ ဖြစ်လာစေနိုင်ပါတယ်။

အမေရိကန်ရဲ့ အဆိုအရ MQ-9 Reaper အမျိုးအစား ဒရုန်းဟာ မတ် ၁၄ ရက်တုန်းက နိုင်ငံတကာ လေပိုင်နက်ထဲမှာ ပုံမှန် ပျံသန်းနေပေမယ့် ရုရှား တိုက်လေယာဉ် ၂ စီးက ကြားဖြတ် နှောင့်ယှက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရုရှားကတော့ အမေရိကန် ဒရုန်းဟာ ထောင့်ချိုး အရမ်းများများ ကွေ့ပျံဖို့ ကြိုးစားရင်း ပျက်ကျသွားတာသာဖြစ်ပြီး ရုရှားတိုက်လေယာဉ်တွေနဲ့ ဘယ်လို ထိတွေ့မှုမှ မရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရုရှားရဲ့ SU-27 တိုက်လေယာဉ်တွေဟာ ဒရုန်းပေါ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ လောင်စာဆီတွေ စွန့်ထုတ်တာမျိုး အကြိမ်ကြိမ် လုပ်ခဲ့ကြောင်း၊ အဲဒီနောက် ဒရုန်းရဲ့ ပန်ကာကို ထိခိုက် ပျက်စီးစေခဲ့တာကြောင့် MQ-9 ပျက်ကျသွားပြီး အဆုံးရှုံး ခံလိုက်ရကြောင်း ဖော်ပြထားပါတယ်။

ရုရှား တိုက်လေယာဉ်တွေရဲ့ လုပ်ရပ်ဟာ အဆင်ခြင် ကင်းမဲ့ပြီး ပတ်ဝန်းကျင် ထိခိုက် ညစ်နွမ်းမှု ဖြစ်စေသလို ပရော်ဖက်ရှင်နယ် မပီသတဲ့ ရန်စမှု ဖြစ်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းယူခဲ့တဲ့နောက် ပင်လယ်နက် ရေပြင်မှာ တင်းမာမှုတွေ စတင် ပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ရုရှားက ယူကရိန်းကို အင်ပြည့်အားပြည့် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ပင်လယ်နက် အထက် နိုင်ငံတကာ လေပိုင်နက်မှာ ထောက်လှမ်း ပျံသန်းမှုတွေ အရှိန် မြှင့်တင်လာခဲ့ပါတယ်။

အခု သီတင်းပတ် ဖြစ်စဉ်မှာ ရုရှား တိုက်လေယာဉ်တွေရဲ့ ရည်ရွယ်ချက်ကို တိတိကျကျ ဖော်ထုတ်ဖို့ လုပ်ဆောင်သွားမယ်လို့ အမေရိကန်က ပြောကြားထားပြီး ဒရုန်းကို တမင် ပျက်ကျအောင် တိုက်ခိုက်ခဲ့သလား ဆိုတာကို အဓိက စုံစမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။

Ref: CNN