မတ်၊ ၁၄
အာဏာသိမ်းစစ်ခေါင်းဆောင် နေထိုင်တဲ့ နေပြည်တော်ရှိ စစ်ကောင်စီရဲ့ အမှတ် ၆၀၄ ခြေမြန်တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပဖက) က အတည်ပြုပြောဆိုပါတယ်။
မနေ့က မတ်လ ၁၃ ရက် ညပိုင်းက လယ်ဝေးမြို့နယ်၊ အောင်နန်းချိုရွာ အနီးက အမှတ် ၆၀၄ ခြေမြန်တပ်ရင်းကို နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (NPT-PDF) က လက်နက်ကြီးနဲ့ လေးလုံးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
” အဓိက တော့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ကာထားတဲ့ တပ်တွေကို စစ်ရေးအရတိုက်ခိုက်တာပါ ” လို့ (NPT-PDF) က တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
မစ်ဇိုင်း(၄)လုံးနဲ့ ပစ်ခတ်ခဲ့မှုမှာ စစ်အုပ်စုရဲ့ တန်းလျားတလုံးကိုတိုက်ရိုက်ထိမှန် ထိခိုက်မှု့ရှိခဲ့သလို လက်နက်တိုက်နားကပ်လျှက်မှာ တလုံး၊ တပ်တွင်းကျောင်းခြံစည်းပေါ် နဲ့ တပ်ရှေ့ရှိ ကျောက်ကွင်းတွင်းတလုံး ကျခဲ့တယ်လို့ ဆိုပါတယ်။
” ခြံစည်းရိုးနားတလုံးကျပြီး ခြံပျက်သွားတယ်။ လက်နက်တိုက်ကပ်လျက်တလုံးကျတာလည်း ထိခိုက်မှုတွေရှိတယ် ” လို့ သူက ပြောပါတယ်။
စစ်အုပ်စုက သူတို့တပ်တိုက်ခိုက်ခံရပြီးနောက် တပ်အဝင်အထွက်ကို ပိတ်ထားခဲ့သလို အနီးနားကရွာတွေကိုလည်း လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက အဲဒီတပ်အနားမှာရှ်ိတဲ့ ကျေးရွာတွေကို အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းထိုးပြီး လိုက်လံရှာဖွေတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
” သူတို့က လက်နက်ကြီး ၁၀ လုံးခန့် ရမ်းသန်းပစ်ခတ်ပြီး ရွာများသို့ ကျရောက်ပေါက်ကွဲခဲ့တာရှိတယ်။ ဒေသခံတွေ ထွက်ပြေးတာမျိုးတော့ မရှိသေးဘူး။ အင်အား ၃၀ လောက်နဲ့လည်း စစ်ကြောင်းထိုး လိုက်မေးနေတယ်။ စကစတွေမှာ အင်အားမရှိတော့ဘူးဆိုတာ သိသာနေတယ် ” လို့ သူက ပြောပါတယ်။
နေပြည်တော် PDF ကလည်း မကြာသေးခင်ကလည်း နေပြည်တော်က လေကြောင်းရန်ကာကွယ်ရေးတပ်အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသလို စစ်ကောင်စီရဲ့ ကြံ့ခိုင်ရေးအမျိုးသားလွှတ်တော်ဒုတိယဥက္ကဌအိမ်နဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့က လေးရက်ဆက် လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က စစ်ကောင်စီအနေနဲ့ နေပြည်တော်မှာ လုံခြုံမှုမရှိတာ သိစေရမယ်လို့ မကြာသေးခင်က ကြုံးဝါးပြောဆိုထားပါသေးတယ်။
ဓာတ်ပုံ – NPT-PDF