စစ်ကောင်စီကကျွန်းလှမြို့အဝင်အထွက်ဂိတ်တွေမှာ ပြည်သူတွေကို ဖိအားပေး ကင်းစောင့်ခိုင်းနေ

မတ်၊ ၁၄

စစ်ကိုင်းတိုင်း ၊ ကျွန်းလှမြို့ အဝင်အထွက် ဂိတ်တွေမှာ ကင်းစောင့်ဖို့ မြို့ခံပြည်သူတွေကို စစ်ကောင်စီနဲ့ ပျူစော ထီးတွေက ဖိအားပေးစေခိုင်းနေပြီး မစောင့်နိုင်သူတွေကတော့ တအိမ်ထောင်ကျပ်တသောင်း ဒဏ်ကြေး ပေးနေရတယ်လို့ ကျွန်းလှဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေက ပြည်သူတွေကိုဖိအားပေးပြီး ဆယ် အိမ်တစုကို တဦးနှုန်း မဖြစ် မနေ ကင်းစောင့်ခိုင်းနေတာဖြစ်တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ကပြောပါတယ်။အဲ့ဒီလို မဖြစ်မနေကင်း စောင့်ဖို့အတွက် ကျွန်းလှမြို့ တပ်ကုန်းရပ်ကွက်မှာ မတ်လ ၁၃ရက်က အစည်းအဝေးခေါ်ယူအသိပေးခဲ့ တာဖြစ် တယ်လို့သိရပါတယ်။

“ကင်းမစောင့်ချင်ရင်တအိမ်ကိုတသောင်းပေးရမယ်၊ သူတို့ကကင်းမစောင့်ချင်ရင် တောထဲသွားနေလို့ လည်း ပြော တယ်၊ခုလောလောဆယ်(ဒဏ်ကြေး)ပေးရသူတွေအနည်းဆုံးအိမ်ထောင်စုသုံးဆယ်ရှိမယ်”လို့ကျွန်းလှဒေသခံတဦးက DNA ကိုပြောပါတယ်။

ကျွန်းလှမြို့ပေါ်မှာ ရပ်ကွက်လေးခုရှိတာဖြစ်ပြီး တခြားရပ်ကွက်တွေကိုတော့ ကင်းစောင့်ဖို့အတွက် ဘယ်ကာလ ကတည်းက ဖိအားပေးခေါ်ယူမှုတွေ လုပ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားတာမရှိတဲ့ ကျွန်းလှမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက အဓိက စိုးမိုးထားတာဖြစ်ပြီး စစ်သားအင်အား အနည်းစုသာရှိတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ကပြော ပါ တယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေက ကျွန်းလှ မြို့အဝင်အထွက်ဂိတ်တွေကို မကြာမကြာ ပိတ်ဆို့ထားလေ့ရှိသလို မြို့ ခံပြည်သူတွေကိုပါ အဲ့ဒီဂိတ်တွေမှာ လုံခြုံရေးအဖြစ် ချထားဖို့ ဖိအားပေးခိုင်းစေ တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလဆန်း မတ် ၁ရက်ကနေ ၁၀ရက်အထိ ကျွန်းလှမြို့ပေါ်ကို ဝင်ထွက်သွားလာခွင့်ပိတ်ပင်ထားခဲ့ပြီး မတ်လ ၁၁ရက်မှာ ပြန်ဖွင့်ပေးကာ ဘယ်နေ့ပြန်ပိတ်မယ်ဆိုတာ မသိရသေးဘူးလို့ ကျွန်းလှဒေသခံတွေကပြောပါတယ်။

“ကင်းစောင့်ခိုင်းတော့ဒီကလူတွေကဘေးလည်းထွက်မရ ကျွန်းလှမြို့ထဲလဲနေမရနဲ့အတော် ခက်ခဲတယ်၊ ကျွန်းလှ မြို့ပေါ်မှာကစစ်ရေးအခြေအနေငြိမ်နေပေမယ့် စစ်ကောင်စီနဲ့ပျူစောထီးစိုးမိုးတဲ့နယ်မြေဒေသတွေမှာ စားရေး သောက်ရေးနဲ့ရောင်းဝယ်ရေးခက်ခဲနေတယ်”လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့ ကတာဝန်ရှိ သူတဦး ကပြောပါတယ်။