နွားထိုးကြီးမြို့မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

မတ်၊ ၁၄

မန္တလေးတိုင်း ၊နွားထိုးကြီးမြို့နယ်ရှိ အထွေထွေ အုပ်ချူပ်ရေးမှူးရုံး၊လျှပ်စစ်ရုံးနဲ့ မြို့တော်ခန်းမသုံးနေရာကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွင် ဒုမြို့နယ်မှူး အပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်အုပ်စုနီးစပ်နီးစပ်သူတွေကပြောပါတယ်။

မနေ့က မတ်လ ၁၃ ရက်၊မနက် ၁၀ နာရီကျော်လောက်မှာ နွားထိုးကြီးမြို့နယ် ၊အမှတ်(၁)ရပ်ကွက်ရှိ မြို့ နယ်၊အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့လမ်းပေါ်နဲ့ ရုံးဝန်းအတွင်းထဲသို့ ဗုံးသီး ကျပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တာပါ။

” ဒုမြို့နယ်မှူးကတော့ ဒဏ်ရာရပြီးဆေးရုံမှာ ဆေးကုနေရင်းသေဆုံးသွားတာပါ။ ကျနော်တို့ မနေ့က နှစ်နေရာမှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်။ တနေရာကို ၄ လုံးစီချခဲ့တာပါ။ ထိခိုက်ဒဏ်ရာရသူတွေကို မြို့ပေါ်ကဆေးရုံမှာ လုံခြုံရေး တင်းကျပ်ပြီးဆေးကုပေးနေတယ် ” လို့ အဲဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ မြင်းခြံ ဒရုန်းအဖွဲ့က တာဝန်ရှိသူတဦးကပြောပါတယ်။

နွားထိုးကြီးမြို့နယ် ၊အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့တော်ခန်းမမှာ အာဏာသိမ်းပြီးကတည်းက တပ်စွဲထားတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလို့ သူကဆိုပါတယ်။

စစ်ကောင်စီဖက်ကတော့ မနေ့က မနက်ပိုင်းမှာ ထွေအုပ်ရုံးအပါအဝင် နွားထိုးကြီးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ လျှပ်စစ်ရုံးကိုလည်း ဗုံးသီးချတိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ထွေအုပ်ရုံး ယာဉ်မောင်းဆိုသူ သေဆုံးခဲ့ပြီး ဒုမြို့နယ်မှူး ရဲထွန်းအောင် ဆိုသူ နားဖောက်ဝင်ဒဏ်ရာကြောင့် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဘယ်အဖွဲ့ကတိုက်ခိုက်တယ်ဆိုတာမသိရသေးပါဘူး။

” မြို့တော် ခန်းမမှာကျတော့ အင်အား ၂၀ လောက်နဲ့ တပ်စွဲထားတာကြာပြီးပေါ့။ အဲဒါ့ကြောင့် ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။ ဗိုလ်ကြီးတကောင် ပွဲချင်းပြီး သေသွားတယ်လို့တော့ ကျနော်တို့ပြန်သိထားရတယ် ” လို့ မြင်းခြံ ဒရုန်းအဖွဲ့က တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီက သူတို့ အခြေစိုက်နေရာတွေကို တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာ အင်အား ၈၀ လောက်နဲ့ နွားထိုးကြီးမြို့အနီးနားရှိ ရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ သူကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို နွားထိုးကြီးနဲ့ မြင်းခြံအခြေစိုက် ဒေသကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ၁ရက်နေ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဒေသကာကွယ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် အုပ်ချုပ်ရေးမှူးတွေအပါအဝင်လူပေါင်း ၅၄၄၃ ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။