မတ်၊ ၁၄
ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို အကြောင်းပြုပြီး ယူကရိန်းဟာ ကမ္ဘာပေါ်မှာ စစ်လက်နက် တင်သွင်းမှု တတိယ အများဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်း အင်အားကြီး ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုကို ခံစားခဲ့ရတဲ့ ယူကရိန်းဆီ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက စစ်လက်နက်တွေ အလုံးအရင်း ပို့ဆောင်ပေးခဲ့တဲ့နောက် ယူကရိန်းရဲ့ လက်နက် တင်ပို့မှု ကမ္ဘာအဆင့်ဟာ ချက်ချင်း ထိုးတက်လာတာ ဖြစ်ပါတယ်။
အဲဒီ စာရင်းတွေကို ဆွီဒင်နိုင်ငံ အခြေစိုက် စတော့ခ်ဟုမ်းလ် နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန ဌာန (SIPRI)က ၁၉၉၁ ခုနှစ်ကစလို့ နှစ်အလိုက် ပြုစုခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းဟာ ဆိုဗီယက်ကနေ ခွဲထွက်လာပြီး ၂၀၂၁ ခုနှစ် ရောက်တဲ့ထိ လက်နက် တင်သွင်းတဲ့ ကဏ္ဍမှာ ဘာမှ ထူးထူးခြားခြား မရှိခဲ့တဲ့ နိုင်ငံတခုပါ။
ဒါပေမဲ့ စစ်ပွဲကို အကြောင်းပြုပြီး အခုအခါမှာတော့ ယူကရိန်းဟာ ကာတာ၊ အိန္ဒိယတို့နောက် တတိယမြောက် စစ်လက်နက် တင်သွင်းမှု အများဆုံး အဆင့်ထိ ခုန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကာတာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကာကွယ်ရေး ကဏ္ဍကို သိသိသာသာ မြှင့်တင်လာတဲ့ နိုင်ငံဖြစ်ပြီး အိန္ဒိယကလည်း တရုတ်ရဲ့ အားပြိုင်မှုကို တန်ပြန်ဖို့အတွက် မနှစ်က စစ်လက်နက်တွေ ပိုမို ဝယ်ယူခဲ့ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ဥရောပမှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တယ် ဆိုပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ စစ်လက်နက် ကုန်သွယ်ရေး ကဏ္ဍဟာ အကျဖက်ကို ဦးတည်ခဲ့တယ်လို့ SIPRIရဲ့ အကြီးတန်း သုတေသီ ပီတာ ဝက်ဇီမန်းက ပြောပါတယ်။
စစ်လက်နက် တင်ပို့ရောင်းချမှု စျေးကွက်ကိုတော့ ထုံးစံအတိုင်း အမေရိကန်က ၄၀ ရာခိုင်နှုန်းလောက် ဝေစု ရယူပြီး ဦးဆောင်နေပါတယ်။ စစ်ပွဲကြောင့် ကိုယ့်လက်နက်တွေကို ပြည်ပ ထုတ်ရောင်းဖို့ထက် ကိုယ်တိုင်သုံးစွဲဖို့ ရွေးချယ်နေရတဲ့ ရုရှားကတော့ ပြည်ပတင်ပို့နိုင်စွမ်း သိသိသာသာ လျော့ကျလာပြီး တတိယ နေရာက ပြင်သစ်ရဲ့ ကျော်တက်ဖို့ ခြိမ်းခြောက်မှုကို ခံလာနေရကြောင်း သိရပါတယ်။