မတ်၊ ၁၃
ချင်းပြည်နယ်၊ တီးတိန်မြို့ဆေးရုံကြီးမှာ ခြောက်လ ကြာတပ်စွဲထားတဲ့စစ်အုပ်စုကို ဒေသအခြေစိုက် PDF တပ်ဖွဲ့က စီး နင်းတိုက်ခိုက်ရာမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး ခဲယမ်းနဲ့စစ်အသုံးအဆောင်တချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ PDF-Zolandကသတင်းထုတ်ပြန်ပါတယ်။
တီးတိန်ဆေးရုံထဲ တပ်စွဲထားတဲ့စစ်အုပ်စုကို မတ်လ ၁၂ရက် မနေ့က ညပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိနိုင်တယ်လို့ PDF-Zoland တပ်ဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“အဲ့ဒီတပ်သားတွေကဆေးရုံမှာတပ်ဆွဲထားတာကြာနေပြီသူတို့ကအေးအေးဆေးဆေးတပ်ဆွဲထားတာမျိုးမဟုတ်ဘဲ ညဘက်ဆိုရင်ဗိုလ်ချုပ်လမ်းပေါ် ထွက်ပြီးတော့ ကားသမားတွေကိုပိုက်ဆံကောက်တယ်” လို့သူ ကပြောပါတယ်။
အဲ့ဒီစခန်းကိုစီးနင်းတိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ဆယ်ဦးလောက်ရှိပြီး အပြန်အ လှန်ပစ်ခတ်တိုက်ခိုက်ချိန် တနာရီဝန်းကျင်ကြာမြင့်ကာ စီကောင်စီဘက်က လေးဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။
“ညနှစ်နာရီလောက် သေနတ်သံတွေ ဗုံးသံတွေကြားရပြီးလန့်နိုးလာတာ(တိုက်ပွဲဖြစ်ချိန်) တနာရီလောက်တော့ကြာတယ်လို့ “တီးတိန်ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတဲ့ဆေးရုံထဲကနေ လက်နက်၊ခဲယမ်းနဲ့စစ်အသုံးအဆောင်တချို့၊ဖုန်း စတဲ့ ကျပ်သိန်း ငါးရာဝန်းကျင်တန်ဖိုးရှိပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ PDF-Zoland တာဝန်ရှိသူကပြောပါတယ်။
အဲ့ဒီတိုက်ပွဲ ပြီးနောက် ဒီကနေ့ တီးတိန်ဒေသတွင်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တချို့ ရုပ်သိမ်းသွားတာတွေ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“စစ်ဆေးရေးတင်းကျပ်မယ်ထင်ထားတာ၊ပုံမှန်ရှိနေကျစစ်ဆေးရေးဂိတ် ရိဒ်ခေါဒါရ် လမ်းခွဲ ရိဒ်ရေကန်ကိုသွားတဲ့လမ်းမှာထူးထူးဆန်းဆန်းစစ်ဆေးရေးဂိတ်မရှိတော့ဘူး”လို့တီးတိန်ဒေသခံကပြောပါတယ်။
စစ်ကောင်စီက ချင်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို စစ်အင်အားတွေဖြည့်တင်းပြီးစစ်ရေးပြင်ဆင်မှုတွေလုပ်နေသလို ချင်းကာကွယ်ရေးတပ်တွေကလည်း လတ်တလောရက်ပိုင်းတွေအ တွင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေပါတယ်။
လတ်တလောရက်ပိုင်းအတွင်း မတ်လ ၁၁ရက်က ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet က တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ပလက်ဝမြို့နယ်အတွင်းမှာလည်း CDF-Paletwa နဲ့စစ်ကောင်စီတို့ နှစ်ဘက်တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် ကလေးမြို့ကနေ ချင်းတောင်ပေါ်တက်သွားတဲ့ ကားအစီးသုံးဆယ်ကျော်ပါ စစ်ကောင်စီယာဥ်တန်းကိုလည်း ဒေသခံချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – PDF-Zoland