ထိုင်းနိုင်ငံမှာ သေဆုံးတဲ့ မြန်မာလင်မယားအတွက် နစ်နာကြေးပေးဖို့ ခြံရှင်ကငြင်းဆန်နေ

မတ်၊ ၁၂

ထိုင်းနိုင်ငံ၊ ကန်ချလာလုံမြို့နယ်၊ ဥဘွန် ဖက်အိစံ ဒေသရှိ စိုက်ပျိုးရေးခြံတခြံမှာ ခြံအလုပ်လုပ်နေတဲ့ မြန်မာလင်မယားနှစ်ဦး ရေကန်အထဲမှာ သေဆုံးနေမှုအပေါ် ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများမှ ခြံပိုင်ရှင်က နစ်နာကြေးပေးဖို့ ​ငြင်းဆန်နေတဲ့အတွက် ဆက်လက်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
 
သေဆုံးသူတွေဟာ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ကနေ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။
 
မတ်လ၈ရက်က သေဆုံးတဲ့ လင်မယားနှစ်ဦးစလုံးဟာ သေဆုံးချိန်မှာ အသက် (၂၃)နှစ်အရွယ်သာ ရှိသေးတယ်လို့ သိရပါတယ်။
 
“သူဌေးမက ကလေးတွေ အဒေါ်ရော ကျတော်တို့ရော လာတော့ ဒီလိုအဖွဲ့အစည်းနဲ့ လာရမလားဆိုပြီး ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်။ ကျတော်တို့ ဆိုလိုချင်တာက ကလေးတွေကလဲ အထောက်အထားမဲ့ သူကလဲ အထောက်အထားမဲ့ကို အလုပ်ခန့်ထားပြီး အခုလို ဖြစ်စဥ်မျိုး ဖြစ်တာအတွက်တော့ ထိုက်သင့်တဲ့ နစ်နာကြေး သူပေးရမယ့် တာဝန်ရှိတာပေါ့။ သူလဲ အထောက်အထားမဲ့ အလုပ်သမားတွေကို တရားမဝင်ခိုင်းတာနဲ့ ငြိတာပဲ။ ဒါပေမယ့် ကျတော်တို့ ဒီအမှုကို ကိုင်ထားတဲ့ ရဲနဲ့ တွေ့ခွင့်မရသေးတော့ သူတို့ ခြံရှင်ကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာ မသိရသေးဘူး” လို့ အဆိုပါ သေဆုံးသွားတဲ့ မြန်မာလုပ်သားလင်မယားနှစ်ဦးအတွက် ကူညီပေးနေသူတွေက ဆိုပါတယ်။
 
သေဆုံးသူနှစ်ဦးအတွက် အဒေါ်ဖြစ်သူက ကန်ချလာလုံမြို့နယ်ရဲစခန်းမှာ သေမှုသေခင်းနဲ့ ဖွင့်လှစ်ခဲ့ပေမယ့် အခုလို တောနက်ကြီးထဲမှာ အခုလို သေဆုံးရတာအတွက် သွေးရိုးသားရိုး မဖြစ်နိုင်တဲ့အတွက် ဆေးစစ်ချက်အဖြေကို စောင့်ကြည့်ပြီး အမှုပြောင်းလဲ ဖွင့်သင့်ရင်လဲ ဖွင့်လှစ်မယ့်အပြင် ကျန်ရစ်သူမိသားစုတွေကလဲ နစ်နာကြေးရရှိဖို့ လိုလားနေကြတယ်လို့ ဆိုပါတယ်။
 
“သောကြာနေ့က သူတို့သူဌေးမက ဘန်ကောက်ကနေ လှမ်းအကြောင်းကြားတာ။ ကောင်မလေးအဒေါ်က လဲအဲ့နားမှာပဲ။ ကျတော်တို့ကတော့ စနေကမှ ရောက်တာပေါ့။ သေတာက အဲ့ကန်စပ်မှာပဲ သေတာ။ ရှမ်းတွေပြောကတော့ ကောင်လေးရေနစ်တာကို ကောင်မလေးက ထမင်းချက်ရင်းတန်းလန်းက ဆင်းသယ်ရင်း သေကြတာလို့ ပြောတယ်။ ဒါပေမယ့် ကျတော်တို့ အလောင်းပုံတွေ တွေ့ရသလောက် နှစ်ယောက်လုံးက ကမ်းစပ်မှာ မှောက်ခုံကြီး။ ကောင်မလေးအောက်မှာလဲ အောက်ပိုင်းအဝတ်အစား တခုမှ မတွေ့ရဘူး။ အဲဒါကြောင့် ကျတော်တို့ မသင်္ကာလို့ အလောင်းမထုတ်သေးဘူး။ ပြီးတော့ သူဌေးကိုလဲ ကလေးတွေအတွက် ထိုက်သင့်တဲ့ နစ်နာကြေးရဖို့ ပြောနေတယ်” လို့ AAC-မဟာမိတ်အဖွဲ့ မှ ကိုနေလင်းသူက DNA ကို ပြောပါတယ်။
 
အခုလို အထောက်အထားမဲ့ မြန်မာလုပ်သားတွေ လုပ်ငန်းခွင်အတွင်း သေဆုံးမှုတွေ၊ ထိခိုက်နစ်နာမှုတွေမှာ တချို့သူဌေးတွေက ရဲနဲ့ ပြသနာမဖြစ်လိုတဲ့အတွက် နစ်နာကြေးပေးပြီး ကျေအေးအောင်ဆောက်ရွက်ကြပေမယ့် တချို့အလုပ်ရှင်တွေကတော့ အလုပ်သမားအရေး ကူညီဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်တန်းမှသာ မပေးချင်ပေးချင်နဲ့ ပေးရတာမျိုးတွေ ရှိတယ်လို့လည်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီပေးနေသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
 
အခုလ မတ်လထဲမှာပဲ ယာဥ်တိုက်မှု၊ ဓာတ်လိုက်မှုအပါအဝင် ဘန်ကောက်မြို့အတွင်း မြန်မာလုပ်သား၂၀ ကျော် သေဆုံးခဲ့ရပြီး အဲ့ဒီ့ထဲမှာ ပြီးခဲ့တဲ့ လပိုင်းက ဘန်ကောင်ကို တရားမဝင် ဝင်ရောက်လာတဲ့ကား တိမ်းမှောက်ပြီး မြန်မာလုပ်သား ၁၂ဦး သေဆုံးမှုလဲ ပါဝင်တယ်လို့ သိရပါတယ်။
 
စစ်အာဏာသိမ်းပြီး ငွေကြေးဖောင်းပွမှု၊ စီးပွါးရေးကျဆင်းမှုတွေ၊ အလုပ်လက်မဲ့နှုန်းမြင့်မားလာတဲ့ အတွက် မြန်မာနိုင်ငံက လုပ်သားတွေ ဝန်ဆောင်ခစျေးသက်သာပြီး ကျွမ်းကျင်မှု အများကြီးမလိုတဲ့ ထိုင်းအလုပ်သမားစျေးကွက်ကို သွားရောက်လုပ်ကိုင်တာ များပြားလာနေပါတယ်။
ဓာတ်ပုံ – CJ