မန္တလေးက နာမည်ကျော်ဒေါ်တောမုန့်တီဆိုင်ကို လက်လုပ်ဗုံံးနဲ့ သေနတ်ပြကာ ဓားမြတိုက်သွား

မတ်၊ ၁၂

မန္တလေးမြို့က နာမည်ကျော် ဒေါ်တောမုန့်တီဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လက်လုပ်ဗုံးနဲ့သေနတ်ပြကာ ဓားမြတိုက်မှုဖြစ်ပွားခဲ့ပြီး ရွှေထည်ပစ္စည်းတချို့ ပါသွားခဲ့သလို မန္တလေးမြို့မှာ နှစ်ရက်ဆက် ဓားမြတိုက်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
 
​ဒီကနေ့ မနက် ၇ နာရီဝန်းကျင်လောက်က အောက်ကမ်းနားလမ်းအပေါ် ၂၆ ဘီလမ်းအနောက်ထိပ် မြို့တော်ဥယျာဉ်အရှေ့ဖက် ဖို့ကုန်းရပ်မှာ ဖွင့်လှစ်ထားတဲ့ ဒေါ်တောမုန့်တီဆိုင်ကို အမည်မသိလူ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး လက်လုံးဗုံးနဲ့ သေနတ်ပြက ဆိုင်ရှင်အမျိုးသမီးရဲ့ လက်ဝတ်လက်စားတချို့ ယူသွားတယ်လို့ အဲဒီအနီးနား နေထိုင်သူတဦးကပြောပါတယ်။
 
” မနက်နည်းနည်း စောနေသေးတော့ ဆိုင်မှာက ဈေးဝယ်သိပ်မရှိသေးဘူး။ နည်းနည်းစောနေသေးတာပေါ့။ သူတို့က ချောင်းနေတယ် ထင်ပါတယ်။ ဈေးဝယ်မရှိချိန် ဝင်လုပ်သွားတာပါ။ လာတာက ကလစ်ဆိုင်ကယ်နဲ့ နှစ်ယောက်ပါ။ ဗုံးတွေကော သေနတ်တွေကောပါတယ်။ ဆိုင်ရှင်ဆီကပဲ သေနတ်နဲ့ချိန်ပြီး ရွှေထည်တွေပဲ ယူသွားတယ်။ သေနတ်နဲ့လည်း ခေါင်းရိုက်သွားတယ်လို့ ပြောတယ်။ ဝန်ထမ်းတွေဆီကတော့ ပါမသွားဘူး။ အချိန်မရလို့ ယူမသွားတဲ့ သဘောပါ ” လို့ ဒေါ်တောမုန့်တီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
မုန့်တီဆိုင်ပိုင်ရှင် ဝတ်ဆင်ထားတဲ့ ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်နဲ့ နားကပ်ကို ရယူသွားပြီး ကာလပေါက်ဈေးအရ သိန်း ၂၀၀ ကျော်ဖိုးလောက် တန်ကြေးရှိတယ်လို့ သိရပါတယ်။
 
” အဲဒီအမက အရင်က ရွှေသိပ်ဝတ်ဆင်လေ့မရှိဘူး။ ဒီကနေ့မှာ အလှူဆိုလား သွားမလို့ဆိုပြီး ရွှေတွေထုတ်ဝတ်လာတယ်လို့ ပြောတယ်။ သူတို့လည်း ကြောက်နေကြတာ စိတ်တောင်မကောင်းဘူး ” လို့ နီးစပ်သူတဦးက ပြောပါတယ်။
 
မုန့်တီဆိုင်ကို ဓားမြတိုက်ခံရပြီး အဲဒီအနီးနားရှိ ရပ်ကွက်အုပ်ချူပ်ရေးနဲ့ တရားရုံးနားမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အလားတူပဲ မနေ့က မနက်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် ၁၁၆ လမ်း ( အေ )လမ်း ၊ ၆၈ လမ်းနဲ့ ၆၇ လမ်းကြားမှာ ကညန ပွဲစားလုပ်ငန်းဆောင်ရွက်တဲ့ လင်မယား ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ယိုးဒယား ဆိုင်ကယ်တစီးကို လုယူခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
” လင်မယား နှစ်ယောက်နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။ ကလေးငယ်တစ်ယောက်ကျန်ခဲ့တယ်ပြောတယ်။ သူတို့လင်မယားက ကညနမှာ ပွဲစားလုပ်တာဆိုတော့ မနက်ပိုင်း သက်တမ်းတိုးရမယ့် လိုင်စင်သွားယူရင်း ဖြစ်တာပါ ” လို့ အဲဒီဖြစ်စဉ်နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
 
ယခုအပတ်အတွင်း မန္တလေးမြို့ပေါ် တချို့နေရာနေရာတွေမှာ ဆိုင်ကယ်စီးနင်းလာသူတွေကို အုပ်စုလိုက် ဓားနဲ့ခုတ်ပြီး လုယက်တာတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ခိုး၊ ဆိုး၊ ယု၊ ယက်၊ ဓားမြမှုတွေရဲ့ တရားခံကို စစ်အုပ်စုဖက်က ဖမ်းဆီးရမိတယ်ဆိုတာ သိပ်မရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
လက်ရှိမန္တလေးမှာ ဖြစ်ပေါ်နေတဲ့ လုယက်မှုတွေ ဓားမြတိုက်မှုတွေကို စစ်အုပ်စုဖက်ကတော့ ဒေသကာကွယ်ရေးအဖွဲ့တွေ လုပ်ဆောင်နေတာလို့ သတင်းဖြန့်နေပါတယ်။
ဓာတ်ပုံ – Social Media