မတ်၊၁၁
“ငါမထွက်ဘဲနေလို့ ငါ့လိုလူတွေများနေရင် ဒီမိုကရေစီရမှာမဟုတ်တော့ဘူး”
အာဏာသိမ်းကာလအစောပိုင်းက ဒီစကားလုံးတွေကို လူမှုကွန်ရက်ကတဆင့်သိရ၊ကြားရပြီး ဝမ်းနည်း၊ မျက် ရည်ကျခဲ့ဖူးပါသလား။
အဲ့ဒီစကားပြောခဲ့တဲ့ ကိုချစ်မင်းသူကျဆုံးတာ ဒီကနေ့မှာ နှစ်နှစ်ပြည့်ပါပြီ။သွေးစွန်းနေတဲ့ အမည်းရောင် ကျောပိုး အိတ်တလုံး၊သပိတ်စစ်ကြောင်းမှာ အကာအကွယ်ရလိုရငြား အသုံးပြုခဲ့တဲ့ အသုံးအဆောင်တချို့ ၊ကိုယ်ဝန်နှစ် လနဲ့ ဇနီးသည်၊ကလေးတဦး…။ ဒါတွေဟာ ကိုချစ်မင်းသူနောက်ဆုံးရစ်ခဲ့တဲ့ပိုင်ဆိုင်မှုနဲ့ ပတ်သက်မှုတွေပါ။
လွန်ခဲ့တဲ့နှစ်နှစ်က အခုလိုနေ့စွဲတွေဟာ လက်နက်မဲ့ လမ်းပေါ်သပိတ်တိုက်ပွဲတွေမှာ ကျည်အစစ်နဲ့ပစ်ခတ်ခံရလို့ ကျဆုံးသွားတဲ့ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေရဲ့သတင်းကို နေ့စဉ်ကြားချိန်တွေပါ။မြောက်ဒဂုံကသပိတ်မှာ ရှေ့ဆုံးက ဒိုင်းကာပေးရင်းကျဆုံးခဲ့တဲ့ ကိုချစ်မင်းသူဟာ အဲ့ဒီအထဲက တဦးပါ။
နှစ်နှစ်အကြာ ဒီကနေ့မှာတော့ နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်စစ်ပွဲတွေနဲ့ အာဏာသိမ်းစစ်တပ် ရင်ဆိုင် နေရပါပြီ။
အာဏာသိမ်းမှုဆန့်ကျင်သူတွေဟာ သူတို့ ကြွေးကြော်ခဲ့ဖူးတဲ့ “ဖိလေကြွလေ” ဆိုတဲ့ဆောင်ပုဒ်အတိုင်း အကြမ်း ဖက်ဖိနှိပ်မှုတွေကြားကပဲ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်တော်လှန်နေကြပါတယ်။ လက်နက်ကိုင်ခုခံစစ်အဆင့်ရောက်လာတဲ့ လက်ရှိအခြေအနေမှာ စစ်အုပ်စုဘက်ကလည်း သေဆုံး၊ထိခိုက်မှုတွေ တနေ့တခြားတိုးပွားလာနေသလို အဲ့ဒီအပေါ် တန်ပြန်လာတဲ့ ဆတိုးဖိနှိပ်ရက်စက်မှုဒဏ်ကိုလည်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေရင်ဆိုင်နေကြရပါတယ်။
ဒါပေမယ့် အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေဟာ ရပ် တန့်မသွားသေးပါဘူး။လက်နက်ကိုင်ခုခံတော်လှန်စစ်နဲ့အတူ လက်နက်မဲ့ သပိတ်တိုက်ပွဲတွေလည်း ဆက်ရှိ နေဆဲပါ။
လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်း တိုင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ခင်ဦး၊ ကန့်ဘလူ၊ ကနီ စတဲ့ မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေနေ့စဉ်ရှိနေပါတယ်။
ရန်ကုန်က တော်လှန်ရေးအင်အားစုတချို့ကတော့ ကိုချစ်မင်းသူကျဆုံးခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည်အဖြစ် စတစ်ကာ ကမ်ပိန်းလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ နှိုးဆော်ကြပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်က ဒီနေ့မှာ သပိတ်စစ်ကြောင်းဖြိုခတ်ဖြိုခွဲခံရလို့ ဆန္ဒပြပြည်သူ ခြောက်ဦးအထိသေဆုံးခဲ့တဲ့ မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူတွေကလည်း အဲ့ဒီနေ့ကို မမေ့သေးတဲ့အကြောင်း ဒီကနေ့သပိတ်စစ်ကြောင်း ထွက်ရင်းပြသကြပါတယ်။
ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန် အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။လောင်းလုံးက သပိတ်အင်အားစုတွေကလည်း မပျက် မကွက်ဆက်လက်ချီတက်နေပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲကတချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဓာတ်ပုံ – သပိတ်ကော်မတီများ