နာမည်ကြီး ဘောလုံးသမားတွေ လူမြင်ကွင်းမှာ အနေအထိုင် ပိုဆင်ခြင်သင့်ကြောင်း ဂွာဒီယိုလာပြော

မတ်၊ ၁၁

ကမ္ဘာကျော် ဘောလုံးသမားတွေဟာ လူအများ မြင်ကွင်းရှေ့မှာ အနေအထိုင် ဆင်ခြင်ကြဖို့ သိပ်အရေးကြီးတယ်လို့ မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ တောင်ပံခံစစ်မှူး ကိုင်းလ်ဝေါ့ကာက ဘားတခုထဲမှာ အမျိုးသမီး တဦးကို အကြိမ်အတော်များများ မဖွယ်မရာ ထိကိုင်ခဲ့ကြောင်း လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ ထွက်ပေါ်လာတဲ့နောက် ရဲတပ်ဖွဲ့ရဲ့ စုံစမ်း မေးမြန်းမှုတွေ ခံယူနေရတဲ့အပေါ် စပိန်သား မန်နေဂျာက အခုလို မှတ်ချက်ပေး တုံ့ပြန်ခဲ့တာပါ။

အသက် ၃၂ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ဒီကိစ္စအတွက် ရဲတွေဆီမှာ ဖြေရှင်းနေဆဲဖြစ်ပြီး အဖမ်းတော့ မခံခဲ့ရပါဘူး။ ဝေါ့ကားရဲ့ အကျည်းတန်တဲ့ အပြုအမူကြောင့် အင်္ဂလန် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့နောက် နာမည်ကြီး ဘောလုံးသမားတွေ အနေနဲ့ အခြေအနေတွေက လွန်ခဲ့တဲ့ နှစ်ပိုင်းတွေနဲ့ မတူတော့တာကို သတိပြုခဲ့ကြောင်း၊ ကစားသမား တယောက်ဟာ နေအိမ်တံခါးကို ဖွင့်ပြီး ထွက်လာတာနဲ့ မီဒီယာတွေရဲ့ အာရုံစိုက် စောင့်ကြည့်မှုကို ခံနေရကြောင်း၊ ကိုယ်ဘာလုပ်လုပ် ဗီဒီယိုနဲ့ မှတ်တမ်းတင် ခံရနိုင်တယ် ဆိုတာကို သတိထားသင့်ပြီး ဒီအခြေအနေဟာ မျက်မှောက် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတခု ဖြစ်လာကြောင်း ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

အဲဒီပြဿနာနဲ့ ပတ်သက်ပြီး ဝေါ့ကားဟာ ဇနီးဖြစ်သူနဲ့ပါ ကတောက်ကဆ ဖြစ်နေပြီး အိမ်ထောင်ရေး မတည်ငြိမ်မှုတွေ ကြုံနေရတယ်လို့ ဗြိတိန် အတင်းအဖျင်း မီဒီယာ တချို့က ဖော်ပြပါတယ်။

ကာယကံရှင်ဖြစ်တဲ့ ဝေါ့ကားကတော့ အဲဒီအကြောင်းကို လူသိရှင်ကြား ဖြေရှင်းတာမျိုး မရှိသေးပါဘူး။ ဗြိတိန်က ဥပဒေတွေအရ လူမြင်ကွင်းမှာ အဲဒီလို မဖွယ်မရာ ပြုမူမှုတွေဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်ခြင်း ခံရနိုင်တယ်လို့လည်း သိရပါတယ်။

Ref: Reuters