ပေါက်မြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အဖွားအို ၂ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

မတ်၊ ၁၀

မကွေးတိုင်း၊ ပေါက်မြို့၊ ညောင်ဝန်းစုကျေးရွာကို မတ်လ ၉ရက်မနေ့က နံနက် ၅နာရီ အချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၅၀)ခန့်မှ စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးနဲ့ ပစ်လို့အဖွားအို ၂ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေါ်သောင်း(၇၉)နှစ်နဲ့ ဒေါ်ထွေး(၆၉)နှစ်တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူထဲမှ ၃ဦး ဒဏ်ရာပြင်းထန်လို့ ဆေးဝါးကုသမှု ခံယူရနေတယ်လို့ သိရပါတယ်။

“တသက်လုံးဒါမျိုးမဖြစ်ဘူးတော့ တော်တော်ကြောက်ခဲ့ရတယ်။ စခတွေ အမြန်ကျဆုံးဖို့နဲ့ အရေးတော်ပုံအောင်ပါစေကြောင်း ဆုတောင်းနေရတယ် ” လို့ ရွာခံတဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီကျေးရွာဝန်းကျင်ကို လုံခြုံရေးပေးနေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်း တခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “မိုင်းကွင်းတွေရှိတယ်ဗျ။ အဲ့ဒါကို ပတ်ဝင်လာတာ။ ရွာတွေကို လုံခြုံရေးပေးထားတာ။ အခုက ပျူစောထီးနဲ့ ဒလန်တွေ လမ်းပြလို့ နောက်ဆုတ်ပေးလိုက်ရတယ်။ တန်ဘိုးရှိတာတွေ အကုန်ယူတယ်။ လက်နက်ခဲယမ်းတွေပါ အသိမ်းခံလိုက်ရတယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးမှ DNA ကို ပြောပါတယ်။

ညောင်ဝန်းမြောက်စု၊ ညောင်ဝန်းတောင်စု၊ ရွာသာအေးနှင့်ဝက်မှီးကျေးရွာများအထိ ကျရောက်ပေါက်ကွဲခဲ့လို့ ရွာခံ(၁၀)ရွာမှ ပြည်သူ (၅၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နေအိမ်အတွင်းရှိ ပစ္စည်းများကို ဖျက်စီးသွားပြီး ဆိုင်ကယ် ၅စီးကိုလည်း မီးရှို့ဖျက်စီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းမှာ ယနေ့ ညနေ(၅)နာရီ အချိန်ခန့်တွင် ပြန်လည်ထွက်ခွါသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးများ ဝင်ရောက်လုပ်ဆောင်ချိန်မှ သေဆုံး နေတဲ့အဖွားအို နှစ်ဦးကို တွေ့ခဲ့ရတာလို့ ဆိုပါတယ် ဒေသကာကွယ်ရေးတပ်မှ ၇.၆၂ကျည် ၁၀၀ခန့်၊ AKကျည် ၁၅၀ခန့် ၊ ၅.၅၆ကျည်၂၀၀ခန့်၊လက်လုပ်သေနတ် ၅လက် ၊ဖုန်း(၃)လုံး၊ ကျည်‌ဘောက်တစ်ခု၊ မိုင်းများ ၊လက်နက်ကြီးများ၊ လက်နက်ကြီးအဖူးများ သိမ်းဆီးခံခဲ့ရပြီး သိန်းပေါင်း(၁၅၀)ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၄)မှ ညောင်ဝန်း-ကျူးတော (ခိုပြင်) လမ်းပိုင်းကြိရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ပြီး မိဘပြည်သူများ လုံးဝသွားလာခြင်းမပြုရန် မတ်လ ၉ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – PDF ပေါက်မြို့၊ တပ်ရင်း ၄