နေရပ်အတင်းပြန်ပို့ခံရတဲ့ ရခိုင်စစ်ရှောင်တွေ စားဝတ်နေရေးအခက်ကြုံနေ

မတ်၊ ၁၀

စစ်ကောင်စီက ဖိအားပေးပြီးနေရပ်အတင်းပြန်ပို့ခဲ့တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ်မှာ အိမ်တွေ မရှိတော့တာ၊ အလုပ်တွေပြန်လုပ်ဖို့ အဆင်မပြေသေးတာကြောင့် စားဝတ်နေရေးအ ခက်အခဲနဲ့ ရင်ဆိုင်နေ ကြရတယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကစစ်ဘေးရှောင် တထောင်ကျော်ကိုအခုလအတွင်း နေရပ်အတင်းပြန်ပို့ခဲ့တာဖြစ်ပါတယ်။

“မနေတာကြာတော့ အိမ်တွေ အကုန်ပျက်စီးကုန်ပြီ၊အမိုးတွေရော၊ အကာတွေရော၊ တချို့ အိမ်တွေဆို ဘာမှ မကျန်တော့ဘူး၊ အဲဒါကြောင့် နေစရာအ တွက် အိမ်လေးလုပ်ကြရတယ်၊ ဆန်တွေကလည်း စျေးကြီးတော့ စားဖို့ တောင် မကျန်ပါဘူး”လို့ ပုဏ္ဏာကျွန်းမြို့နယ် ရေဖြူကန်စစ်ရှောင်စခန်းမှာနေထိုင်ခဲ့ပြီး နေရပ် ပြန်လာရတဲ့ သာစည်ရွာသား တဦးက DNA ကို ပြောပါတယ်။

သာစည်ရွာသားတွေအပါအဝင် အခု နေရပ်ပြန်လာကြရတဲ့ စစ်ရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ တိုက်ပွဲကာလက တည်းက ထွက်ပြေးလာခဲ့ကြရတာဖြစ်ပြီး လေးနှစ်ကျော်မှ နေရပ်ကို ပထမဆုံးအကြိမ် ပြန်ကြတာဖြစ်တယ်လို့သိရပါတယ်။

နေရပ်ပြန်ချိန်မှာ စစ်ကောင်စီကတအိမ်ထောင်ငွေကျပ် ခြောက်သိန်းထောက်ပံ့ငွေအဖြစ်ပေးပေမယ့် လတ်တလောနေထိုင်ရေးအတွက် နေအိမ်တွေ ပြုပြင်၊ တည်ဆောက် လိုက်ရတာကြောင့် စားရေးအတွက် အခက်အခဲနဲ့ စတင်ကြုံနေကြရတာဖြစ်တယ်လို့လည်း အဲဒီနေရပ်ပြန်စစ် ရှောင်တွေက ပြောကြပါ တယ်။

“စခန်းမှာနေတုန်းက ထောက်ပံ့ကြေးလည်း မရတော့ အကြွေးဝယ်စားခဲ့ကြရတယ်လေ၊အဲဒါတွေကို ပြန်ဆပ်၊ အိမ်ပြန်လုပ်တော့ စားစရာက ဘာမှ မကျန်တော့ဘူး၊ ဆန်တတောင်း(နို့ဆီဗူး ၅၀)ကိုလည်း တသောင်းရှစ်ထောင်တောင် ပေးရတယ်၊အိမ်တောင် တာလပတ်တွေနဲ့ ဖာထေးပြီးတော့ နေနေကြရတာ”လို့ နောက်ထပ် နေရပ် ပြန်စစ်ရှောင်တဦးကလည်း ပြောပါတယ်။

မူလက လုပ်ကိုင်နေခဲ့တဲ့ အလုပ်အကိုင်တွေကို ပြန်လုပ်ကြမယ်ဆိုရင်လည်း အရင်းအနှီးမရှိတာကြောင့် အဆင်မ‌ ပြေဘူးလို့လည်း သူတို့က ဆိုပါတယ်။

“ငါးဖမ်းမယ်ဆိုရင် လှေလိုတယ်၊ အခု လှေတွေ မရှိတော့ဘူး၊ တောင်ထက်ပြီး သစ်ခုတ်၊ ထင်းခုတ်၊ ဟင်းရှာရောင်း ဖို့ကလည်း စစ်သားတွေ ရှိနေတယ်၊ မိုင်းကလည်း မရှင်းရသေးဘူးဆိုတော့ မတက်ရဲကြဘူး”လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြောက်ဦးဒေသခံစစ်ရှောင်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အခုလိုအခက်အခဲတွေကြုံရနိုင်တာကြောင့် နေရပ်ကို ပြန်လိုကြသေး တာမဟုတ်ဘဲ အာဏာသိမ်းစစ်ကောင်စီက အတင်း ပြန်ခိုင်းတာကြောင့် ပြန်လာကြရတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

“မပြန်ချင်ပေမယ့်လည်း ပြန်ကြရတာပဲလေ၊ ကျွန် တော်တို့ဆိုရင် ပလက်၀မြို့နယ်ကို ပြန်ရမှာ၊ ကျွန် တော်တို့ရွာမှာ ဘာမှ မရှိတော့ဘူး၊စစ်သားတွေလည်း အနားမှာ ရှိနေသေးတယ်၊အခု သူများအိမ်မှာ ကပ်နေရပါတယ်၊ ရွာမှာ အိမ်တွေကို လုပ်ပေးစေချင်တယ်၊ အလုပ်လုပ်စားလို့ရအောင်လည်း လုပ်ပေးစေချင်တယ်”လို့ ပုဏ္ဏကျွန်းမြို့နယ်မှာ သွား ရောက်ခိုလှုံနေခဲ့ပြီး နေရပ်ပြန်ပို့ခံရတဲ့ ပလက်၀မြို့နယ်က စစ်ရှောင်တဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပုဏ္ဏာကျွန်းနဲ့ မြောက်ဦးတို့အပြင် တစ်ခြားသော ကျောက်တော်၊ ရသ့တောင်၊ ဘူးသီးတောင်၊ မင်း ပြားမြို့နယ်တွေမှာ ရှိတဲ့ စစ်ရှောင်တွေကိုလည်း ဒီပွင့်လင်းရာသီအတွင်း နေရပ် ပြန်ပို့သွားမယ်လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ်အတွင်းမှ စစ်ရှောင်တွေကို ရိက္ခာ ဖြတ်တောက်ထားခဲ့တာဖြစ်ပြီး နေရပ်ပြန်ဖို့လည်း ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။အခု ၂၀၂၃ ဖေဖော်ဝါရီလဆန်း မှာတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဟာ ရခိုင်ပြည်နယ်ကို ရောက်လာပြီး စစ်ရှောင်စခန်းတွေဆီ သွား ရောက်ကာ နေရပ် ပြန်ကြဖို့ ဖိအားပေးပြောဆိုတာတွေလုပ်ခဲ့တယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေတုန်းက ကျန်နေခဲ့တဲ့ စစ်ရှောင်ပေါင်း ခြောက်သောင်းကျော်ရှိပြီး အခု တစ် ကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ကြရသူတွေနဲ့ပါဆိုရင် တသိန်းကျော်အထိ ရှိနေတယ်လို့ ဒေသတွင်း အရပ် ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။