မတ်၊ ၁၀
ရီးရဲလ်ဘက်တစ်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာဒန်ဒက်စ်ရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်ပိုင်းကို မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ချီးကျူးသွားပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ စပိန်ကလပ် ရီးရဲလ်ဘက်တစ် အသင်းကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့နောက် ကွာတားဖိုင်နယ် တက်ရောက်ဖို့ သေချာလုနီးပါး ဖြစ်လာပါတယ်။ အသင်းအနေနဲ့ ဒုတိယအကျော့ ပွဲစဉ်ကို စပိန်မြေမှာ ကစားဖို့ ကျန်နေသေးပေမယ့် သိသာတဲ့ ဂိုးကွာခြားချက် အသာစီး ရမှုကိုတော့ ပိုင်ဆိုင်ထားခဲ့ပါပြီ။
အခုပွဲမှာ ယူနိုက်တက်ရဲ့ ပထမပိုင်း ကစားပုံက ဖိအားတွေအောက်မှာ ရှိနေခဲ့ပြီး အားရစရာ မကောင်းခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ သိသိသာသာ ပြောင်းလဲသွားပြီး ၃ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုပွဲ မတိုင်ခင် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြိုင်ဘက်ကြီး လီဗာပူးကို ၇-၀ နဲ့ အရှုံးကြီး ရှုံးထားခဲ့ပြီး အဲဒီပွဲရဲ့ ဂယက်က ဘက်တစ်နဲ့ တွေ့ဆုံချိန်ထိ ရိုက်ခတ်မှု ရှိနေဆဲဆိုတာ မြင်သာခဲ့ပါတယ်။ လီဗာပူးကို ရှုံးခဲ့တာဟာ ၁၉၃၁ ခုနှစ်နောက်ပိုင်း ယူနိုက်တက်ရဲ့ အဆိုးတကာ့ အဆိုးဆုံး ရှုံးနိမ့်မှု အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။
အန်းဖီးလ်ကွင်းထဲက အိပ်မက်ဆိုးဆန်တဲ့ မိနစ် ၉၀ ကျော် ဖြတ်သန်းမှုမှာ ပေါ်တူဂီ လက်ရွေးစင် ဖာနန်ဒက်စ် ခြေစွမ်း မပြနိုင်သလို အမှားတွေလည်း များခဲ့တာကြောင့် သူဟာ ယူနိုက်တက်ကို ဦးဆောင်သူ မဖြစ်သင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘက်တစ်နဲ့ ပွဲမှာတော့ ဖာနန်ဒက်စ်ဟာ ကိုယ်တိုင် အကောင်းဆုံး ကစားခဲ့သလို အသင်းဖော်တွေကိုလည်း စိတ်ဓာတ်ရေးရာ လှုံ့ဆော်သွားခဲ့တာ တွေ့ရပါတယ်။
တန်ဟက်ဂ်က ဖာနန်ဒက်စ်ဟာ အခုပွဲ အတွက်တော့ ကွင်းထဲမှာ ရှိနေတဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို သူ့ရဲ့ ခံယူချက်ပိုင်းကိုလည်း ပြသခဲ့ကြောင်း ပြောပါတယ်။ သူ့အနေနဲ့ ဖာနန်ဒက်စ်ကို ပုံမှန်ထက် နည်းနည်း နောက်ဆင်း နေရာယူ ကစားစေခဲ့ပြီး ဖာနန်ဒက်စ်ကလည်း ကောင်းကောင်း စွမ်းဆောင်ပြခဲ့တယ်လို့ နယ်သာလန်သား မန်နေဂျာက ဆိုပါတယ်။
ဖာနန်ဒက်စ်ဟာ ကွင်းလယ်ရဲ့ နောက်ဖက်ကျကျ နေရာကနေ ကစားကွက် ဖန်တီး ဖော်ဆောင်မှု အပိုင်းမှာရော၊ ပွဲရဲ့ ဟန်ချက်ကို ထိန်းညှိရာမှာပါ ထိပ်တန်း ဘောလုံးသမား တဦးဖြစ်ကြောင်း၊ သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှုတွေကနေ ယူနိုက်တက်ဟာ အခွင့်အရေးတွေ အများကြီး ရလာခဲ့ကြောင်း တန်ဟက်ဂ်က ပြောကြားခဲ့ပါတယ်။
ဖာနန်ဒက်စ်က ပွဲစတင်ချိန် ကတည်းက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ဖို့ အသင်းကို ကောင်းကောင်း ဦးဆောင်ခဲ့သလို အသင်းရဲ့ ဟန်ချက်ကို အဓိက ထိန်းညှိပေးခဲ့ကြောင်း၊ ကိုယ်တိုင်ပါ တဂိုး သွင်းပေးခဲ့တာကြောင့် ကစားသမားအတွက် ပျော်ရွှင်မိကြောင်းလည်း တန်ဟက်ဂ်က ဆိုပါတယ်။
တန်ဟက်ဂ်ဟာ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့မှုအပြီး ဘက်တစ်ကို အနိုင်ရခဲ့ခြင်းကြောင့် စိတ်သက်သာရာ ရခဲ့တယ်လို့လည်း ဝန်ခံသွားပါတယ်။ လီဗာပူးနဲ့ ပွဲတုန်းက အသင်းဟာ အမှားတွေ အများကြီး ကျူးလွန်မိခဲ့သလို ကိုယ့်အဆင့်အတန်းနဲ့ လျော်ညီတဲ့ ကစားပုံကို ထိန်းမထားနိုင်ခဲ့ကြောင်း၊ ဒါကြောင့် ရက်ရက်စက်စက် ချေမှုန်း ခံခဲ့ရကြောင်း၊ ဒီပွဲမှာတော့ ပြိုင်ဘက်အပေါ် ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျေနပ် နှစ်သိမ့်မှု အပြည့်နဲ့ ကစားခဲ့ကြောင်း၊ ဘောလုံး အားကစားမှာ ပွဲတိုင်းကို ဒီလို ကစားဖို့တော့ ခက်ခဲကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။
တန်ဟက်ဂ်ဟာ လီဗာပူးကို ရှုံးခဲ့တဲ့ လူစာရင်းကို မပြောင်းလဲဘဲ ဘက်တစ်နဲ့ ပွဲစဉ်မှာ ပြန်လည် အသုံးပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စိတ်ဓာတ်ပိုင်း ထိခိုက်နေတဲ့ အသင်းသားတွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်အဖတ်ဆယ်နိုင်အောင် အခွင့်အရေး ပေးချင်တာကြောင့် ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ ဒါ့အပြင် ဘက်တစ်နဲ့ ပွဲစဉ်အတွက် အကောင်းဆုံး ပွဲထွက် လူစာရင်းလည်း ဖြစ်မယ်လို့ ယုံကြည်ခဲ့ကြောင်း၊ ယူနိုက်တက်ဟာ ၂၃ ပွဲဆက်တိုက် ကစားရာမှာ ၂၂ ပွဲ မရှုံးအောင် ဖြတ်သန်းခဲ့ဖူးကြောင်း၊ ၂၄ ပွဲမြောက်မှာ ရှုံးရုံနဲ့တော့ ဒီအသင်းက ရှေ့ ၂၂ ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့တယ်ဆိုတဲ့ အရှိတရားကို မျက်ကွယ် ပြုလိုက်လို့ မရကြောင်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။