ယင်းမာပင်မှာထန်းတတ်သမားနှစ်ဦးစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံး

မတ်၊ ၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကဘန်ဘွေးကျေးရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာမတ်လ၈ရက်မနေ့က ကျွန်းတောပြင်(ခေါ်) နဘူးတောကျေးရွာက ထန်းတတ်သမားနှစ်ဦးကိုပစ်ခတ်ခဲ့လို့သေဆုံးခဲ့ပါတယ်လို့ သိရပါတယ်။

“စစ်ကြောင်းကဘန်ဘွေးရွာကနေအင်အား၂၀ကျော်နဲ့ထွက်လာတာ ။ကျွန်းတောပြင်(ခေါ်)နဘူးတောကျေးရွာတောပြင်က ထန်းတက်သမား သူကစစ်ကြောင်းဝင်လာလို့ပြေးဖို့ဆိုင်ကယ်လှည့်ယူတာ။အဲ့ဒီအချိန်မှာ ပစ်သတ်ခံရတာ။နောက်တယောက်ကကျ သေနတ်ကိုရမ်းသမ်းပစ်ပြီးစစ်ကြောင်းဝင်လာလို့လန့်ပြီးထန်းပင်ပေါ်ကအဆင်းမှာပြုတ်ကျပြီးဆုံးတာ “လို့ Gz Yinmarbin PDF က DNAကိုပြောပါတယ်။

အသက်၃၅နှစ်အရွယ်ကိုမင်းဇော်ဟာစစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်ခ့ရတဲ့နေရာမှာတင်သေဆုံးခဲ့တာဖြစ်ပြီး ထန်းပင်ပေါ်ကနေပြုတ်ကျခဲ့တဲ့ အသက်၅၀အရွယ်ဦးမြအေးဟာတော့ ဆေးကုသမှုခံယူနေရင်းမနေ့ကည၈နာရီအချိန်မှာသေဆုံးသွားခဲ့ပါတယ်။

“မနေ့ကတော့ဝမ်ပေါင်ကနေပစ္စည်းသယ်တာအဲ့တာကိုသူတို့ကလုံခြုံရေးပေးတော့နယ်မြေရှင်းလင်းရေးလုပ်တဲ့သဘော ။ဖေဖော်ဝါရီ၂၂ရက်နေ့ကနေထိုးနေတဲ့စစ်ကြောင်းတကြောင်းလည်းဒီကနေ့ထိမပြီးသေးတာရှိတယ်”လို့ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဦးဇော်ထူးအောင်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာတရုတ်ကုမ္ပဏီဖြစ်တဲ့ Wambo Copper Limited ကို ဦးပိုင်လုပ်ငန်းစုတင်သွင်းတဲ့အက်ဆစ်ပို့တဲ့လမ်းကြောင်းနဲ့ ဝမ်ပေါင်ကုမ္ပဏီကထုတ်တဲ့ကြေးပြားတွေကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်တဲ့အချိန်တွေမှာလုံခြုံရေးယူပေးရတာဖြစ်တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ၂၂ရက်ကနေဒီကနေ့မတ်လ၉ရက်အတွင်းစစ်ကောင်စီတပ်တွေဟာစစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ယင်းမာပင်မြို့နယ်အတွင်းမှာအရပ်သား၈ဦးကိုသတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာယင်းမာပင်မြို့နယ်မှာစစ်အုပ်ချုပ်ရေးကြေငြာပြီးချိန်ကနေစတင်ပြီး စစ်ကြောင်းညှပ်ပိတ်ထိုးကာအရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ ခက်ခဲကျပ်တည်းလာအောင် အကြောက်တရားရှိလာအောင်ပုံစံမျိုးစုံနဲ့ သတ်ဖြတ်တာ ၊ နေအိမ်တွေကိုမီးရှို့တာစတဲ့နည်းလမ်းတွေနဲ့

အကြောက်တရားသွင်းနေတယ်လို့လည်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုကြပါတယ်။

အာဏာသိမ်းအပြီး စစ်ရှောင်ရတဲ့ လူပေါင်း ၁ဒဿမ ၆သန်းအနက် ရှစ်သိန်းနဲ့ အိမ်ပေါင်းငါးသောင်းငါးထောင်ကျော် မီးရှို့ခံရတဲ့အနက် လေးသောင်းကျော်ဟာစစ်ကိုင်းတိုင်းကဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ တလတည်းအတွင်းမှာနေအိမ်ပေါင်း  ၆၁၅၈လုံး  ၊ဘာသာရေးအဆောက်အအုံ၁၁ခု ၊စာသင်ကျောင်းပေါင်း၁၁ကျောင်းမီးရှို့ဖျက်စီးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။