ယူကရိန်းဆီ စစ်လက်နက်တွေ သွယ်ဝိုက် ထောက်ပံ့ခဲ့ကြောင်း တောင်ကိုရီးယား အတည်ပြု

မတ်၊ ၉

ဟောင်ဝစ်ဇာ စက်အမြောက်တွေနဲ့ လက်နက် အစိတ်အပိုင်းတွေ ယူကရိန်းဆီ တဆင့်ခံ တင်ပို့ဖို့ ကိစ္စကို လက်ခံပေးခဲ့ကြောင်း တောင်ကိုရီးယား အစိုးရက အတည်ပြုခဲ့ပါတယ်။

 ပြီးခဲ့တဲ့နှစ်က ပိုလန်ကို တင်ပို့ခွင့် လိုင်စင် ထုတ်ပေးခဲ့တဲ့ စစ်လက်နက်တွေဟာ ယူကရိန်းဆီ ဆက်လက် ရောက်ရှိသွားမယ် ဆိုတာကို နားလည်ထားခဲ့ကြောင်း တောင်ကိုရီးယား အစိုးရက ဆိုပါတယ်။ တောင်ကိုရီးယားရဲ့ လက်ရှိ စစ်ရေး အထောက်အပံ့ မူဝါဒအရ ပဋိပက္ခတွေမှာ လတ်တလော ပါဝင် ဆက်နွှယ်နေတဲ့ နိုင်ငံတွေဆီ လက်နက် ရောင်းချခွင့် မပြုပါဘူး။

 ဒါကြောင့် တောင်ကိုရီးယားဟာ မူအားဖြင့် ယူကရိန်းဆီ လက်နက်တွေ ရောင်းချလို့ မရတဲ့ သဘောပါပဲ။ အဲဒီအစား တောင်ကိုရီးယားဟာ ပိုလန်နိုင်ငံကိုသာ ဟောင်ဝစ်ဇာ စက်အမြောက်ကြီးတွေ တည်ဆောက်နိုင်တဲ့ စစ်လက်နက်ပစ္စည်း အစိတ်အပိုင်းတွေကို တင်ပို့ခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 ပိုလန်မှာ တပ်ဆင်တည်ဆောက်တဲ့ အဲဒီ စက်အမြောက်တွေဟာ နောက်ဆုံးမှာတော့ ယူကရိန်း လက်ထဲကို ရောက်ရှိလာပါတယ်။ မနှစ်တုန်းကတော့ အဲဒီ စစ်လက်နက် ပစ္စည်းတွေ ရောင်းချမှုနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ဖူးပါတယ်။

 လတွေနဲ့ချီ ကြာမြင့်ပြီးတဲ့ အခါမှာတော့ တောင်ကိုရီးယား နိုင်ငံတကာ ကော်ပိုရေးရှင်း ဗျူရိုရဲ့ ဥရောပ-အာရှရေးရာ ဌာနခွဲ ဒါရိုက်တာ ကင်ဟွိုင်ချိုလ်က ယူကရိန်းဆီ လက်နက်တွေ လွှဲပြောင်းပေးတဲ့ လမ်းကြောင်းမှာ တောင်ကိုရီးယား အစိုးရဟာ အစိတ်အပိုင်း တခုအနေနဲ့ စိတ်လိုလက်ရ ပါဝင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

 စာရွက်စာတမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို အကြိမ်ကြိမ် အဖန်ဖန် သုံးသပ် လေ့လာခဲ့တဲ့နောက် ပိုလန်ဆီ လက်နက်တွေ တင်ပို့မယ့် လိုင်စင်ကို အစိုးရက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ သူက ဆိုတယ်။ ဥရောပမှာရှိတဲ့ NATO မဟာမိတ် နိုင်ငံတွေကို ကြည့်မယ် ဆိုရင်လည်း နိုင်ငံတချို့ဟာ ပဋိပက္ခ ဖြစ်နေတဲ့ တခြားနိုင်ငံတွေဆီ လက်နက်တွေ မထောက်ပံ့ပါဘူးဆိုတဲ့ မူဝါဒတွေကို ယူကရိန်း စစ်ပွဲမှာ ပြောင်းလဲခဲ့ကြကြောင်း ကင်က ဆက်ပြောပါတယ်။ သူက ဂျာမနီ၊ ဆွီဒင်နဲ့ နော်ဝေးတို့ဟာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံတွေဆီ လက်နက် မတင်ပို့ပါဘူးဆိုတဲ့ မူဝါဒတွေ ပြောင်းလဲပစ်လိုက်တာကို ရည်ညွှန်းခြင်းလည်း ဖြစ်ပါတယ်။

 ယူကရိန်းကို အခုလိုမျိုး သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ လက်နက် ထောက်ပံ့မှုကို လိုင်စင်ချပေးပြီး ခွင့်ပြုခဲ့တဲ့တိုင် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုကတော့ သူ့ရဲ့ အစိုးရဟာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံတွေဆီ လက်နက်တွေ ထောက်ပံ့ရောင်းချတာမျိုး မလုပ်ဘူးဆိုတဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ကြောင်း အတိအလင်း ပြောဆိုထားပါတယ်။