စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံးတို့ကို အီးယူပိတ်ဆို့အရေးယူ

မတ်၊ ၈

စစ်ကောင်စီရဲ့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရဖရုံးချုပ်)တို့ကို ပိတ်ဆို့အရေးယူတဲ့စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဥရောပသမဂ္ဂ(EU)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊အထူးသဖြင့် လိင်ပိုင်းဆိုင်ရာနဲ့ကျား-မအခြေပြု အကြမ်း ဖက် မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို ဒီကနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များ နေ့ မှာ ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ EU ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီထုတ်ပြန်ချက်အရ ဒီကနေ့ပိတ်ဆို့အရေးယူခံရသူတွေထဲ မြန်မာက စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီးနဲ့ စရ ဖရုံးချုပ်တို့အပြင် ရုရှား၊တောင်ဆူဒန်နဲ့ အာဖကန်နစ္စတန်နိုင်ငံတွေက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေလည်း ပါ ဝင်ပါတယ်။

ဗိုလ်ချုပ်တိုးရီဟာ အာဏာသိမ်းစစ်တပ်ရဲ့ တန်ပြန်ထောက်လှမ်းရေးဌာနအကြီးအကဲအဖြစ်ဆောင်ရွက်ခဲ့ သူ ဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီလဆန်းမှာ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းခြောက်လထပ်တိုးပြီး နောက်တရက် မှာ ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သူဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းဆီးသွားသူအများအပြားကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ စစ်ကြော ရေး စခန်းတွေဟာ စရဖရုံးချုပ်လက်အောက်ခံတွေဖြစ်တယ်လို့ သိရပါတယ်။ဗိုလ်ချုပ်တိုးရီဟာ ပြည်ထဲရေးဒု ဝန် ကြီး အဖြစ် ခန့်အပ်မခံရမီ ဒုစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ်လည်းတာဝန်ယူခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေ မတရားဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ပိုများလာတယ်လို့အမျိုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေကထောက်ပြပြောဆိုထားကြပါတယ်။

 အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံ စစ်ကောင်စီတပ်သားတွေဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုလည်းလက်နက်တခုသဖွယ်ဗျူဟာတခုအနေနဲ့ အသုံးပြုနေတယ်လို့ အမျိုးသမီးအရေး တက် ကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။

 စစ်အာဏာသိမ်းထားတဲ့၂နှစ်တာကာလအတွင်း စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ အမျိုးသမီး ၁၁ ဦး၊ တသက်တကျွန်းချမှတ်ထားတဲ့ အမျိုးသမီး ၁၅ ဦး၊ ထောင်တွင်းအကျဉ်းချထားတဲ့ အမျိုးသမီး ၅၀၀ ကျော်ရှိနေတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေကပြောပါတယ်။

 ဒါ့အပြင်ပုံစံမျိုးစုံနဲ့  စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အခုနှစ် ဖေဖော်ဝါရီလအထိ အမျိုးသမီး ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။

 အခုလို EU ကပိတ်ဆို့အရေးယူလိုက်တာကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို ခရီးသွားခွင့် ပိတ်ပင်ခံရ မှာဖြစ်သလို အဲ့ဒီနိုင်ငံတွေမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းခံရမှာဖြစ်ပါတယ်။

ဥရောပ သမဂ္ဂရဲ့ ဒီကနေ့ ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ မြန်မာက ဗိုလ်ချုပ်တဦးနဲ့ စရဖရုံးချုပ်တို့နဲ့အတူ ရုရှား နိုင်ငံက စစ်ဘက်အရာရှိတွေအပါအဝင် တောင်ဆူဒန်၊အာဖကန်နစ္စတန်နိုင်ငံ တို့က စုစုပေါင်း လူပုဂ္ဂိုလ်ကိုးဦးနဲ့ အဖွဲ့အစည်းသုံးခုပါဝင်ပါတယ်။

အခုအရေးယူမှုမတိုင်ခင် ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် (၉၃)ဦးနဲ့ အဖွဲ့အစည်း (၁၈)ခုတို့ကို လည်း ပိတ်ဆို့အရေးယူထားပါတယ်။

 

ပုံစာ- ၂၀၂၀ ခုနှစ်အတွင်း သတင်းရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ ဗိုလ်ချုပ်တိုးရီ