ကရင်နီဒေသစခန်းသိမ်းတိုက်ပွဲတခုမှာ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်များဈာပန

ထိုင်း-မြန်မာနယ်စပ် ကရင်နီ(ကယား)ပြည်နယ် ဘော်လခဲနယ်ကောက်ကောက် စခန်းအနီးက စစ်ကောင်စီစခန်း တခုကို စီးနင်းသိမ်းပိုက်ခဲ့တဲ့တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ကရင်နီတပ်မတော်(KA)တပ်ဖွဲ့ဝင်တွေရဲ့ ဈာပနကို မတ်လ (၆)ရက်ကပြုလုပ်ခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

ကရင်နီတပ်မတော်(KA)တပ်ရင်း(၅)က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ကျဆုံးတပ်ဖွဲ့ဝင် ရှစ်ဦးအထိရှိ တာကိုတွေ့ရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် BP-12 ကောက်ကောက်စခန်းအနီးက စစ်ကောင်စီစခန်းတခုကို ကရင်နီတပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ရက်က စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း လက်နက်ကြီးတပ်စု အခြေပြုတဲ့ စခန်းတခုကို ကရင်နီတော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KMIC)က အခုလ (၂)ရက်မှာထုတ် ပြန် ထားပါတယ်။

တိုက်ပွဲအတွင်း စခန်းသိမ်းပိုက်မိချိန်မှာ စစ်ကောင်စီဘက်က အလောင်း(၁၀)လောင်းမျက်မြင်တွေ့ရပြီး ၁၂၀ မမ လက်နက်ကြီးတလက်၊ငါးကြင်းမြှီးစက်သေနတ် တလက်အပါအဝင်ရိုင်ဖယ်သေနတ်တွေနဲ့ခဲယမ်းတွေ ဗုံးသီးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KMIC ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့တယ်လို့ဆိုပြီး အရေအတွက်အတိအကျ ဖော်ပြ ထားတာမရှိပါဘူး။ဒါအပြင် (၁၅)ဦးလောက်လည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးတပ်စု အခြေပြုစခန်းကိုသိမ်းပိုက်ပြီးနောက် နောက် ထပ်စခန်းတခုကို ဆက်လက်သိမ်းပိုက်ဖို့ပြင်ဆင်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကတိုက် လေယာဉ်ငါးစီးအထိသုံးပြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ KMIC ကဆိုပါတယ်။

ဓာတ်ပုံ – Karen Army BA-5