မောင်တောမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး လက်နက်နဲ့ထွက်ပြေးလို့ စစ်တပ်က အပူတပြင်းလိုက်ရှာနေ

မတ်၊ ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်စခန်းက သင်တန်းဆင်းကာစ တပ်ဖွဲ့ဝင် လေးဦးဟာ လက်နက်တွေနဲ့ ထွက်ပြေးသွားလို့စစ်တပ်က အပူတပြင်းလိုက်ရှာနေတယ်လို့ မောင်တောမြို့ နယ်အတွင်းက နယ်ခြားစောင့်ရဲနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးဟာ မနေ့က မတ်လ ၆ ရက် မနက်အစောပိုင်းမှာ လက်နက်တွေနဲ့ ထွက်ပြေးသွားခဲ့ကြတာဖြစ်ကာ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေနဲ့ နယ်ခြားစောင့်တွေက အင်အားအလုံးအရင်းသုံးပြီး အပူတပြင်းလိုက်ရှာနေ‌ကြတယ်လို့ ဆိုပါတယ်။

 “သေနတ်တွေရော အကုန်ယူပြီး ထွက်ပြေးသွားကြတာ၊ သူတို့က သင်တန်းဆင်းတာတောင် ဘယ်လောက်မှမ ကြာသေးဘူးလို့ အဲဒီစခန်းက အသိက ပြောတယ်၊ အခု စစ်သားတွေ၊ ရဲတွေ အများကြီးနဲ့ လိုက်ရှာနေကြပါတယ်။ သေနတ်တွေနဲ့ ပြေးတာဆိုတော့ နဂိုတည်းက ထွက်ပြေးဖို့ အစီအစဉ်ရှိကြတာထင်တယ်”လို့ အဲဒီနယ်ခြားစောင့်စခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။

အဲဒီနယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦးဟာ ဘယ်ကို ထွက်ပြေးသွားကြတယ်ဆိုတာကို မသိရသေးဘဲ အခုအချိန်အထိ လိုက်ရှာနေကြဆဲဖြစ်တယ်လို့ သူက ဒီကနေ့ မတ်လ ၇ ရက် နေ့လယ်ပိုင်းမှာ ပြောပါတယ်။

တပ်ဖွဲ့ဝင်လေးဦး ထွက်ပြေးမှုဖြစ်တဲ့ နယ်ခြားစောင့်စခန်းတည်ရှိရာ မောင်တောမြို့နယ် မြောက်ပိုင်းမှာ ရခိုင့်တပ် တော်(AA)က ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေအများအပြားရှိနေပြီး အခုထွက်ပြေးသွားကြသူတွေဟာလည်း AAဆီ သွားရောက်ခိုလှုံတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မောင်တောမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်းတွေနဲ့ နယ်ခြား စောင့်ရဲစခန်းတွေက တပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့ ထွက်ပြေးကြတာ မကြာခဏရှိခဲ့ပါတယ်။

 “သူတို့တပ်ထဲမှာ နေရတဲ့ အခြေအနေက အားလုံးသိတဲ့အတိုင်းပဲလေ၊ ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပြီးနောက်တော့ ပိုဆိုးတာပေ့ါ။ ဘယ်သူ့မှ စစ်တပ်ထဲမှာ မနေချင်ကြတော့ဘူး၊ အဲဒါကြောင့်မို့ ပြေးကြတာ၊ အများစုကတော့ AA ဆီ ပြေးကြတာပေါ့”လို့ မောင်တောမြို့နယ်က စစ်ကောင်စီတပ်သားဟောင်းတဦးက DNA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်ကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကနေ တပ်သားလေးဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားခဲ့ကြပြီး စစ်တပ်က အပူတပြင်း လိုက်ရှာခဲ့ပေမယ့် ပြန်မတွေ့ခဲ့ပါဘူး။

ရခိုင်မှာ ပြီးခဲ့တဲ့တိုက်ပွဲကာလတွေတုန်းကလည်း စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ လက်နက်တွေနဲ့အတူ ထွက်ပြေးပြီး AA တပ်စခန်းတွေဆီမှာ သွားရောက်ခိုလှုံတာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုမျိုး ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ကောင်စီတပ်သားပေါင်း တရာကျော်အထိ ရှိတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ၂၀၂၂ ခု ဇွန်လက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားဖူးပါတယ်။

ဓာတ်ပုံ – AP

ပုံစာ – မောင်းတောမြို့နယ်အတွင်း တွေ့ရတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့