မီးလောင်ခဲ့တဲ့ သမိုင်းဝင် နော့ထရီဒမ် ဘုရားကျောင်ကြီး နှစ်ကုန်ပိုင်းမှာ ပြန်ဖွင့်နိုင်ဖွယ်ရှိ

မတ်၊ ၇

အကြီးအကျယ် မီးလောင်ပျက်စီးမှုတွေ ဖြစ်ခဲ့ရာ သမိုင်းဝင် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် မွမ်းမံ တည်ဆောက်မှုတွေ ချောမွေ့နေပြီး နှစ်ကုန်ပိုင်းလောက်မှာ ဖွင့်လှစ်နိုင်ဖို့ ပါရီမြို့တော် အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။

 ပြင်သစ်နိုင်ငံရဲ့ အထင်ကရ ကမ္ဘာ့အံ့ဖွယ် အဆောက်အအုံကြီး တခုအဖြစ် သတ်မှတ် ခံထားရတဲ့ နော့ထရီဒမ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်နီးပါးလောက်က ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းမှုကို ခံခဲ့ရပါတယ်။ အဲဒီ မီးလောင်မှုအတွင်း ဘုရားကျောင်းကြီးရဲ့ အမိုးပိုင်း ဧရိယာက အတော့်ကို ပျက်စီးသွားခဲ့ပါတယ်။ မီးသတ် တပ်ဖွဲ့ဝင်တွေရဲ့ အစွမ်းကုန် ကြိုးစားမှုကြောင့်သာ ဘုရားကျောင်း တခုလုံး ပြာကျ မသွားခဲ့တာလို့ အဲဒီတုန်းက ပြင်သစ် မီဒီယာတွေက ချီးကျူး ရေးသားခဲ့ကြပါတယ်။

 အဲဒီနောက်ပိုင်းမှာတော့ ဘုရားကျောင်းကြီးကို ပိတ်ထားလိုက်ပြီး ရှေးမူမပျက် မွမ်းမံပြင်ဆင်မှုတွေကို ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံ အကောင်အထည် ဖော်ပါတော့တယ်။ အခုဆိုရင် ဘုရားကျောင်းကြီးရဲ့ ဂန္ထဝင်မြောက် စုလစ်မွန်းချွန်ကြီးဟာ တဖြည်းဖြည်းနဲ့ ပြန်လည် ရုပ်လုံးပေါ်လာနေပြီ ဖြစ်ပါတယ်။

 ပါရီရဲ့ မိုးကုတ်စက်ဝိုင်း မြင်ကွင်းမှာ ဘုရားကျောင်းကြီး ထည်ထည်ဝါဝါ ပြန်ပေါ်လာခြင်းက နော့ထရီဒမ် စစ်ပွဲကို အောင်မြင်ခဲ့တယ်လို့တောင် တင်စားနိုင်တယ်လို့ အခု ပြန်လည် မွမ်းမံ တည်ဆောက်မှု လုပ်ငန်းကို ကြီးမှူးနေတဲ့ စစ်တပ် ဗိသုကာ ပညာရှင် ဗိုလ်ချုပ် ဂျင်းလူးဝစ် ဂျော်ဂျင်လင်းက တင်စားခဲ့ပါတယ်။

 လက်ရှိ မြန်နှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ပြုပြင်မွမ်းမံမှု အားလုံး အပြီးသတ်ပြီး ဒီဇင်ဘာလလောက်မှာ နော့ထရီဒမ်ဟာ အများပြည်သူ လည်ပတ်ဖို့ ပြန်လည် ဖွင့်လှစ်နိုင်တဲ့ အဆင့်ကို ရောက်လာမယ်လို့ ယုံကြည်ရပါတယ်။

 နော့ထရီဒမ်ရဲ့ အဆောက်အအုံ ကြံ့ခိုင်မှုနဲ့ ဟန်ချက်ညီမှုတွေ ရာနှုန်းပြည့် ရှိနေတာ သေချာအောင် ၂ နှစ်ကျော် အချိန်ယူ မွမ်းမံခဲ့တဲ့နောက် ပြုပြင် တည်ဆောက်ရေး လုပ်ငန်းတွေကိုတော့ မနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ နော့ထရီဒမ်ဟာ ဂေါ့သစ် ယဉ်ကျေးမှုရဲ့ တုနှိုင်းမမီတဲ့ ၁၂ ရာစု သမိုင်းဝင် အဆောက်အအုံကြီးအဖြစ် သတ်မျတ် ခံထားရပါတယ်။ ၉၃ မီတာ အမြင့်ရှိတဲ့ စုလစ်မွန်းချွန်ကြီးကိုတော့ ၁၉ ရာစု ဗိသုကာ ပညာရှင် ယူဂျင်း ဗိုင်အိုလက်လီဒက်က ပြန်လည် ဒီဇိုင်းထုတ် ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

 နော့ထရီဒမ် ပြုပြင်မွမ်းမံရေး လုပ်ငန်းစဉ်ကို နေ့တိုင်း လုပ်သား ၁၀၀၀ လောက် အသုံးပြုပြီး အရှိန်မြှင့် လုပ်ဆောင်နေကြောင်းလည်း ဂျော်ဂျင်လင်းက ပြောပါတယ်။ ပြုပြင် တည်ဆောက်မှုမှာ အစားထိုး အသုံးပြုတဲ့ ကျောက်တုံးနဲ့ ဝက်သစ်ချသားလို ကုန်ကြမ်းတွေကိုလည်း အဟောင်းတွေ ပြန်သုံးလို့ မရတော့ပေမယ့် အဲဒီ ပစ္စည်းတွေ ထွက်ရှိရာ မူလရင်းမြစ် နယ်မြေတွေကနေ အတတ်နိုင်ဆုံး မှာယူပြီး အစားထိုးထားတယ်လို့လည်း သိရပါတယ်။