ယင်းမာပင် PDF စခန်းတခု စီးနင်းဖျက်ဆီးခံရ

မတ်၊ ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် PDF တပ်ခွဲတခုဖြစ်တဲ့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ စခန်းကို စစ်ကောင်စီက မတ်လ (၄)ရက်နေ့က စီးနင်းဖျက်ဆီးခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စခန်းစီးနင်းခံရမှုအတွင်း တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိသလို လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးမှုမရှိပေမယ့် စခန်းမီးရှို့ဖျက်ဆီးခံရတာကြောင့် ရိက္ခာနဲ့ အသုံးအဆောင်တွေတော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သူက ပြောပါတယ်။

“စခန်းနား စစ်ကောင်စီစစ်ကြောင်း ကပ်လာတော့ ရဲဘော်တွေက စခန်းကနေ စွန့်ခွာမိုင်းထောင်ပြီး စခန်းကနေ ခွာခဲ့ပါတယ်၊ ညနေခင်း စစ်ကောင်စီစစ်ကြောင်း စခန်းဝင်စီးပြီး မီးရှို့ချိန်မှာ မိုင်းပေါက်ကွဲသံတွေ ကြားရပါတယ် “ လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့က တာဝန်ရှိသူက DNA ကို ပြောပါတယ်။

စခန်းအနီးမှာ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် စစ်ကောင်စီဘက်က အထိအခိုက်တွေ ရှိနိုင်တယ်လို့ သူက ပြောပေမယ့် အတိအကျတော့ မသိရပါဘူး။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ယင်းမာပင်မြို့ နယ်ထဲမှာ စစ်အုပ်စုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကနေ လက်ရှိအထိ ဆက်တိုက် စစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာ ဆယ်ရွာဝန်းကျင် မီးရှို့ခံခဲ့ရသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတချို့လည်း ပစ်ခတ်သတ်ဖြတ်ခံရမှုတွေ ရှိခဲ့ပါတယ်။

အဲ့ဒီလိုဆက်တိုက် စစ်ကြောင်းထိုးချိန်အတွင်း ဖေဖော်ဝါရီ ၂၆ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို စစ်အုပ်စုက စီးနင်းဝင်ရောက်နေချိန် စခန်းကိုပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ကုန်းရွာနဲ့ မြောက်နုံးကျေးရွာတို့ကို စစ်အုပ်စုက စစ်ကြောင်းထိုးမီးရှို့ရာမှာ ဒေသခံငါးဦးထက်မနည်း သတ်ဖြတ်ခံရသလို မြောက်နုံးရွာခံ အမျိုးသမီးတဦးကတော့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ယင်းမာပင်နယ်ထဲ စစ်ကြောင်းဆက်ထိုးနေတဲ့ စစ်အုပ်စုက စစ်ရှောင်ပြည်သူ ခုနစ်ဦးကို ဖမ်းဆီးထားပြီး ပေကုန်းရွာကို မီးရှို့ပြီးနောက် ကျေးစာကျရွာကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

ဓာတ်ပုံ – အမိမြေတော်လှန်ရေးတပ်ဖွဲ့