တနင်္သာရီတိုင်း၊ ဝိုင်းဒင်းရွာတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ရေးတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံး

မတ်၊ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ဝိုင်ဒင်းကျေးရွာအနီးမှာ မတ် ၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက်ပိုင်း ၈နာရီလောက်မှာ အင်အား ၅၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ ဝိုင်ဒင်းကျေးရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲ စဖြစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နာရီဝက်ကြာအောင်ဖြစ်တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၉ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက DNA ကို ပြောပါတယ်။

“ မနက် ၈ နာရီမထိုးခင်မှာ စစ်တပ်က လက်နက်ကြီးတွေ အရင်ပစ်တာပါ၊ သူတို့က ရွာထဲဝင်လာဖို့ လုပ်တဲ့အချိန်မှာပဲ PDF တွေနဲ့ တိုက်ပွဲဖြစ်တယ်။ သူတို့အင်အားက အရမ်းများတယ်၊ ၅၀ ကျော်တယ်၊ ဒီဘက်က PDF တွေက ခုခံပစ်ရင်းနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ၊ သိပ်မကြာဘူး။ နာရီဝက်တောင်မပြည့်ဘူး။ PDF ဘက်က ကျတယ် ၉ ဦးပါ၊ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်၊ ကျွန်တော်တို့ သိရသလောက်ပေါ့နော်” လို့ ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

အခုတိုက်ပွဲဖြစ်တဲ့ ဝိုင်ဒင်းကျေးရွာဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကျေးရွာတခုဖြစ်ပြီး အဲဒီနယ်မြေဟာဆိုရင် ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကော်သူလေးတပ်မတော်တို့က ထိန်းချုပ်ထားတဲ့ ဒေသတွေလည်း ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို DNA က ရရှိထားတဲ့ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ရာမှာလည်း ဖုန်းလက်ခံဖြေကြားပေးခဲ့ခြင်း မရှိပါဘူး။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဝိုင်းဒင်းရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးလည်း ရှိခဲ့တဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ M 4 ၁ လက်၊ M 16 ၁ လက်၊ AK 47 ၁ လက်၊ ကိုးလုံးကျည် ၁ လက်၊ တူမီး ၁ လက်၊ ကျည်ဆံ ၂၀၀ တောင့်၊ လက်လုပ်မိုင်း ၃၈ လုံး၊ တိုက်မိုင်း ၂ လုံး၊ ကျည်အိမ်နဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယအပတ်မှာလည်း ထိုင်းမြန်မာနယ်စပ်က ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတချို့က ကျေးရွာကနေ ထွက်ပြေးတိမ်ရှောင်းနေခဲ့ကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်လကတည်းက ဒီရွာဘက်မှာ တိုက်ပွဲဖြစ်သေးတယ်။ အဲဒီကတည်းက ရွာခံတချို့  ထိုင်းဘက်ကို ထွက်ပြေးတိမ်ရှောင်းနေရသေးတယ်။  ဒီလအစောပိုင်းမှာတော့ ထိုင်းအစိုးရဘက်က ဖိအားပေးတာနဲ့ စစ်ကောင်စီဘက်က ပြန်ခေါ်တာနဲ့ ဒေသခံတချို့ နေရပ်ကို ပြန်လာကြတယ်။  အခုတော့ ဒီဘက်မှာ တိုက်ပွဲခဏခဏဖြစ်နေတော့ ရွာခံတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာလည်း ရှိပါတယ်” လို့  ဒေသခံကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်အတွင်းတိုက်ပွဲပေါင်း ၃၅၈ ကြိမ်ဖြစ်ခဲ့တယ်လို့  ဒေသတွင်းအချက်အလက်တွေကို သုတေသနပြုလုပ်နေတဲ့ Southern Monitor အဖွဲ့ကထုတ်ပြန်ထားသလို နေရပ်စွန့်ခွာပြေးနေရတဲ့ စစ်ရှောင်သုံးသောင်းကျော်အထိ ရှိတယ်လို့လည်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။