လောင်းလုံးမှာ စစ်ကောင်စီလက်ချက်နဲ့ ရွာသားခြောက်ဦးသေဆုံး

မတ်၊ ၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို ဒီကနေ့ မတ် ၄ ရက်မနက်ပိုင်းမှာပစ်ခတ်ဝင် ရောက်လာတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သား ခြောက်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားတယ်လို့ ဒေသ ခံတွေကပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး  အင်အား ငါးဆယ်ကျော်ဟာ ဒီကနေ့ မနက်ကိုးနာရီခွဲဝန်းကျင်မှာ ကျောက်ဝပ်ပြင် ကျေးရွာကနေ တောင်ကြောအတိုင်း စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နောက် အောက်ကျောက်ဝပ်ကျေးရွာ ထဲကို ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ကျေးရွာထဲက နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့ပြီး နေအိမ်တချို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် အရပ်သားခြောက်ဦးကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ပြီး နေရာမှာတင် ပစ်သတ်လို့ ငါး ဦးက ပွဲချင်း သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာထဲရောက်လာတော့ သူတို့ ရှာချင်တဲ့သူတွေရဲ့ နေအိမ်လို့ ထင်တာပေါ့နော်၊ အဲဒီအိမ်တွေကို အရင်သွား ရှာ တာ၊ ပြီးတော့ နေအိမ် လေးလုံးလောက်ကို မီးရှို့လိုက်တယ်၊ အဲမှာ အရပ်သားခြောက်ဦးကိုလည်း ဖမ်း လိုက်တယ်၊ အဲမှာပဲ အားလုံးကို ပစ်သတ်တာ၊ ငါး ဦးကတော့ ပွဲချင်းသေတယ်လို့တော့ သိရတယ်၊ တစဦးက မသေဘူး၊ ဒဏ်ရာ ပြင်းထန်တယ်လို့ သိထားရတယ်”လို့ သူကပြောပါတယ်။

ပစ်သတ်ခံရသူတွေဟာ စစ်ကောင်စီတပ်က မီးရှို့လို့မီးလောင်နေတဲ့ နေအိမ်တွေကို လာရောက်မီးငြှိမ်းသတ်သူ တွေလို့ဒေသခံတချို့က ပြောပေမယ့် အဲ့ဒီအခြေအနေကို သီးခြားအတည်မပြုနိုင်သေးသလို ဘာကြောင့်ပစ်သတ် တယ်ဆိုတာ ရှင်းရှင်းလင်းမသိရသေးပါဘူး။

အောက်ကျောက်ဝပ်ကျေးရွာဟာ လောင်းလုံးမြို့နယ် တောင်ဘက် မိုင်သုံးဆယ်ဝန်းကျင်အကွာက ပင်လယ်ကမ်း ခြေရွာတရွာဖြစ်ပြီး မြင်းခွာပုံကမ်းခြေ၊မြတ်ရှင်မော်ဘုရားတို့အနီးမှာရှိပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံပူးပေါင်းအဖွဲ့တွေက ကျေးရွာထဲမှာ တပ်စွဲထားပြီး ဒေသခံပြည်သူ တွေကလည်း အပြင်ထွက်သွားလာတာမရှိသလို မတရားဖမ်းဆီးခံရမှာလည်း စိုးရိမ်နေကြတယ်လို့ ရွာခံတဦး ကပြောပါတယ်။

“သူတို့ရှိနေတုန်းပဲ၊ အိမ်တွေလည်း ဘယ်သူမှ မီးမငြိှမ်းရဲဘူး၊ မီးလောင်နေတဲ့အိမ်တွေလေ၊ လေးလုံးထက်များရင် များနိုင်တယ်၊ ရွာမှာကတော့ ဟိုတလောက တိုက်ပွဲဖြစ်ပြီးကတည်းက တချို့က တိမ်းရှောင်နေတာတော့ရှိတယ်၊ တချို့ကတော့ ဒီအတိုင်းပါပဲ ရှိနေတာ၊ အခုဆို ဘယ်သူမှလည်း အပြင်မသွားရဲဘူး၊ ကြောက်လည်း ကြောက်နေ ရတယ်၊ အခု သူတို့က သတ်လိုက်တာကို ကြားသိလိုက်ရတော့ ကြောက်နေကြတာပေါ့” လို့သူက ပြောပါတယ်။

အောင်ကျောက်ဝပ်ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတာနဲ့ပတ်သက်လို့ လတ်တလော  အဲ့ဒီရွာ အနီး မှာတိုက်ပွဲမရှိပေမယ့် လွန်ခဲ့တဲ့နှစ်ရက်အကြာ မတ်လ ၂ရက်ကတော့ အဲ့ဒီရွာ အနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ တိုက်ခိုက်ခံထားရလို့အဲ့ဒီဖြစ်စဉ်နဲ့ ဆက်စပ်နေနိုင်တယ်လို့ ဒေသခံတွေကယူဆကြပါတယ်။

 ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကလောင်းလုံးမြို့နယ် ကျောက်မတ်တပ်ကျေးရွာနဲ့ မြင်းခွာအော်ကျေးရွာမှာ ဆက် ကြေးကောက်ပြီးဆိုင်ကယ်နှစ်စီးနဲ့ ပြန်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ကို ကျောက်နီမော်နဲ့ မြတ်ရှင် မော် ဘုရားလမ်းပိုင်းမှာ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညနေပိုင်းမှာလည်း ကျောက်နီမော်ကျေးရွာကနေ Vigo ကားနှစ်စီးနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို မိုင်းလေးလုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ် ပြန်ထားပါတယ်။

တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေကြောင့် စစ်ကောင်စီဘက်က သုံးဦးထက်နည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူလည်း ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က နယ်မြေရှင်းလင်းချိန်မှာ MA 3 မောင်းပြန်သေနတ် တစ်လက်၊ ကျည် ဆံ၊ ငွေ၊ လက်ကိုင်ဖုန်း၊Vigo ကားတစီးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရတဲ့နေရာဟာ အောက်ကျောက်ဝပ်ကျေးရွာနဲ့ ကျောက်ဝပ်ပြင်ကျေးရွာ အနီးမှာ ဖြစ်တာကြောင့် စစ်ကောင်စီတပ်နဲ့ ဗျူစောထီးအဖွဲ့တွေက ဒီကနေ့ အောက်ကျောက်ဝပ်ကျေးရွာထဲ ဝင်ရော က်လာပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Delta News Agency က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ဖေဖော် ဝါရီ တလတာအတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ လက်နက်ကြီးထိမှန် တာတွေ ကြောင့် သေဆုံးခဲ့တဲ့အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလက်ချက်နဲ့ သေဆုံးခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဒလန်လို့ စွပ်စွဲခံရတဲ့သူတွေ၊ လက်သည်မပေါ်ပဲ သေဆုံးခဲ့သူတွေအပါအဝင် စုစုပေါင်း ၄၀ နီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။