ဦးဖြိုးမင်းသိန်းအပါအဝင်လေးဦး NLD ပါတီဝင်အဖြစ်က ထုတ်ပယ်ခံရ

မတ်၊ ၃

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ပါတီဗဟိုကော်မတီဝင်သုံးဦး စုစုပေါင်းလေးဦး ကို ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဒီကနေ့ မတ် ၃ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပယ်ခံရသူတွေထဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သလို ပါတီဗဟိုလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဖြိုးမင်းသိန်းနဲ့ ပါတီဗဟိုကော်မတီဝင်သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ဧရာဝတီတိုင်း NLD ပါတီတာဝန်ရှိသူတဦး ဖြစ်တဲ့ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ပါဝင်ပါတယ်။

ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့ဟာ အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှာ  ဒေါ်အောင် ဆန်းစု ကြည်ဆီသွားရောက်တွေ့ဆုံပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲပြန်ကျင်းပမယ့်ကိစ္စနဲ့ NLD ပါတီရုံးပြန်ဖွင့်မယ့်ကိစ္စ ပြောဆိုတင်ပြခဲ့ဖူးသူတွေဖြစ်ပြီး အဲ့ဒီနှစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်က နောက်ထပ် လာမတွေ့ဖို့ ပြောလွှတ် လိုက်တယ်လို့ သတင်းဌာနတချို့က ဖော်ပြကြပါတယ်။

အဲ့ဒီလေးဦးကို ပါတီကထုတ်ပယ်တာနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ဒီကနေ့ကြေညာချက်မှာတော့ ပါတီဝင်တချို့ ဟာ ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိတဲ့အပြင် ပါတီရဲ့ရပ်တည်ချက်ကိုဆန့်ကျင်တာ၊ ပါတီ အမည်ကိုအလွဲသုံးစားလုပ်တာတွေ လုပ်နေပြီး စစ်အာဏာရှင်အလိုကျ ဆောင်ရွက်ကာ ကိုယ်ကျိုးရှာနေကြ ကြောင်း ခိုင်လုံတဲ့အထောက်အထားတွေရထားတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုလုပ်နေသူတွေကို အရေးယူပေးဖို့ ပါတီတွင်း အစည်းအဝေးတွေမှာ တင်ပြမှုတွေလည်းရှိနေတယ်လို့ ဆိုပါ တယ်။အခုထုတ်ပယ်ခံရသူတွေရဲ့ ပြောဆိုဆောင်ရွက်မှုတွေဟာ NLD ပါတီနဲ့ မသက်ဆိုင်တော့ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလက ပါတီတခု ဦးဆောင်တည်ထောင်ခဲ့ဖူးတဲ့ ဦးဖြိုးမင်းသိန်းဟာ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ NLD ပါတီဝင် အမတ်လောင်းအဖြစ် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသလို ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးလည်းဖြစ်လာခဲ့တာပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုအဂတိလိုက်စားမှုအပါအဝင် ပုဒ်မမျိုးစုံတပ်တ ရားစွဲဆိုရာမှာ ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာခြောက်သိန်းနဲ့ ရွှေ၇ပိဿာပေး ခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အဲ့ဒီထွက်ဆိုချက် မမှန်ကန်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ခဲ့ပေမယ့် အဲ့ဒီအမှုအတွက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ငါးနှစ်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ၇သိန်းနဲ့ ရွှေ၇ပိဿာပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့တဲ့ ဦးဖြိုးမင်းသိန်းကိုတော့ စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ မလျော်ဩဇာသုံးမှုနဲ့စွဲဆိုထားတဲ့အမှုအတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း ငွေဒဏ်ကျပ်တသိန်းသာချမှတ်ပြီး အမှုပြီးဆုံးသွားပါတယ်။