အိန္ဒိယအစိုးရကဖမ်းဆီးထောင်ချထားတဲ့ မြန်မာစစ်ဘေးရှောင်တွေကိုချက်ချင်း လွှတ်ပေးဖို့ တော်လှန်ရေး အင်အားစုတွေတောင်းဆို

မတ်၊ ၃

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့မြန်မာစစ်ဘေးရှောင် နှစ်ရာဝန်း ကျင်ကို လွတ်ပေးဖို့၊မြန်မာစစ်ဘေးရှောင်တွေကို စစ်ဘေးရှောင်ကတ် ထုတ်ပေးပြီးယာယီနေ ထိုင်ခွင့်ပြုဖို့ အပါ အဝင်အချက် လေးချက်ကို မြန်မာ့တော်လှန်ရေးအင်အားစုကိုးဆယ်ကျော်နဲ့ မဏိပူရ် အရပ်ဘက်အဖွဲ့အစည်းက ငါးခုက မတ်လ (၂) ရက် မနေ့ကထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ 

အိန္ဒိယဗဟိုအစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမူကိုရှုတ်ချပြီး မြန်မာပြည်သူတွေနှင့်အတူရပ်တည်ဖို့၊ အင်ဖားထောင်မှာသေဆုံးခဲ့တဲ့ မြန်မာစစ်ရှောင် ကိုဒဲမ်ခိုလွန်းသေဆုံးမှုအတွက် ပွင့်လင်းမြင်သာစွာရှင်းလင်းပေးဖို့၊ နယ်စပ်တရားမဝင်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးထားသူတွေကို ချက်ချင်းလွတ်ပေးဖို့၊စစ်ဘေးရှောင်တွေကို စစ်ရှောင် ကတ်ထုတ်ပေးပြီးယာယီနေထိုင်ခွင့်ပြုဖို့ အချက်လေးချက်ကို အဲ့ဒီထုတ်ပြန်ချက်မှာ တောင်းဆိုထားတာ ဖြစ်ပါ တယ်။ 

ပြီးခဲ့ဇန်နဝါရီကလည်း ဖမ်းဆီးထားတဲ့ မြန်မာစစ်ရှောင်တွေနဲ့ပတ်သက်ပြီး မဏိပူရ်အရပ်ဘက်အဖွဲ့အစည်းငါးခုက ထုတ်ပြန်တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါသေးတယ်။အရပ်ဘက်အဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုကြောင့် မဏိရ်ပူ အစိုးရတာဝန်ရှိသူတွေက ကွင်းဆေးစစ်ဆေးပြီး စစ်ရှောင်ကတ်တွေထုတ်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ခုချိန် ထိလက်တွေ့အကောင်အထည်ဖော်တာမရှိသေးဘူးလို့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။ 

“အရင်က ကျွန်မတို့ရောက်တော့ ရွာသူကြီးက မြေနေရာပေးတယ်၊ အိမ်တွေနဲ့စာသင်ဖို့ကျောင်းကလေးတောင် ဆောက်နေတယ်၊မဏိရ်ပူအစိုးရကဖမ်းတော့ အကုန်ကစဥ်ကလျားဖြစ်ကုန်တယ်၊ အိန္ဒိယဗဟိုအစိုးရနဲ့ မဏိပူရ် ပြည်နယ်အစိုးရရဲ့ မူဝါဒပြောင်းလဲဖို့က အရေးကြီးဆုံးပဲ” လို့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးမကြာမီကာလကတည်းကမြန်မာစစ်တပ်ရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေကြောင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက အမျိုးသမီးတွေ၊ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေအများစုပါဝင်တဲ့မြန်မာစစ်ရှောင်တွေဟာ မြန်မာနိုင်ငံနယ်နမိတ်နဲ့ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နဲ့မီဇိုရမ်ပြည်နယ်တွေမှာ ဝင်ရောက်ခိုလှုံ နေကြရတာဖြစ်ပါတယ်။

ချင်းတိုင်းရင်းသားတွေအများစုနေထိုင်ကြတဲ့ မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာစစ်ဘေးရှောင်တွေကို လက်ခံကြို ဆိုပြီး အကူအညီတွေပေးနေပေမယ့် မဏိပူရ် ပြည်နယ်အစိုးရကတော့ မြန်မာစစ်ရှောင်တွေကို ၂၀၂၂ ခုနှစ် ဖေ ဖော်ဝါရီလအတွင်းမှာ စတင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ 

အဲ့ဒီလိုဖမ်းဆီးပြီး အင်ဖားအကျဥ်းထောင်မှာထိမ်းသိမ်းထားတဲ့ မြန်မာစစ်ရှောင်ကိုဒဲမ်ခိုလွန်းဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ရုတ်ရက်နှလုံးခုံရပ်ပြီးသေဆုံးခဲ့ရပါတယ်။ ကိုဒဲမ်ခိုလွန်းမသေဆုံးခင်တရက် မိသားစုဝင်တွေနဲ့ တွေ့ဆုံ စဥ်မှာ ကျန်းမာရေးကောင်းမွန်နေတဲ့ အခြေအနေကိုမြင်တွေ့ခဲ့ရတာကြောင့် သေဆုံးမူနဲ့ပတ်သက်ပြီး အဖြစ်မှန် ကိုရှင်းလင်းပေးဖို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်ထဲမှာတောင်းဆိုထားတာဖြစ်ပါတယ်။ 

လက်ရှိအခြေအနေမှာ မဏိပူရ်အစိုးရဟာ ဖမ်းဆီးထားတဲ့ မြန်မာစစ်ရှောင်တွေကို လွှတ်ပေးခြင်းမရှိသလို စစ် ရှောင်ကတ်ထုတ်ပေးဖို့ကိစ္စတွေကို လက်တွေ့အကောင်အထည်ဖော်တာမျိုးမရှိသေးဘူးလို့ မြန်မာစစ်ရှောင် တွေဆီကနေသိရပါတယ်။ 

” နောက်ထပ်ဖမ်းတာမျိုးလည်းမရှိသေးဘူး။အခြေအနေငြိမ်နေတယ်” လို့ စစ်ရှောင်တဦးကပြောပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်မှာ ဖမ်းဆီးခံရတဲ့မြန်မာစစ်ရှောင် နှစ်ရာခန့်လို့ဖော်ပြထားပေမယ့် မဏီပူပြည်နယ်ဝန်ကြီးချုပ်ကတော့ ဖမ်းဆီးထားတဲ့မြန်မာစစ်ရှောင် ၃၉၃ ဦးရှိတယ်လို့ ပြည်နယ်လွတ်တော်မှာ ဖေဖေါ်ဝါရီလ ကပြောခဲ့ပါတယ်။