အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်း ခုနှစ်ဆယ်ဝန်းကျင်အသတ်ခံရ

မတ်၊ ၁

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီကြောင့် ကျန်းမာရေးဝန်ထမ်း အယောက် ၇၀ ကျော်ဝန်းကျင် အသတ်ခံခဲ့ရပြီး ၉၀၀ ဝန်းကျင်လောက်ဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဆေးရုံ၊ ဆေးခန်းပေါင်း ၁၆၀ ကျော်ကိုလည်း စစ်ကောင်စီကဖျက်ဆီးခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်လတာကာလအတွင်းမှာလည်း စစ်ကောင်စီရဲ့လေကြောင်းစစ်ဆင်ရေးကြောင့် စစ်ရှောင်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ ၄ ခုပျက်ဆီးခဲ့ရပြီး CDM သူနာပြုဆရာမ ၂ ဉီး သေဆုံးခဲ့တဲ့အကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေးဝန်ကြီး ဌာနက ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်တွေမှာ စစ်ကောင်စီဟာ ဆေးရုံ၊ ဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဖြစ်တယ်လို့ NUG က ပြောဆိုထားပါတယ်။ဒါနဲ့ပတ်သက်လို့ ချင်းတောင်တန်းပေါ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေတဲ့ ဒေါက်တာ အငြိမ်းက

 “ သူတို့က (စစ်ကောင်စီ) ဆေးရုံ ဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိကို ဖျက်ဆီးကြတယ်။ ဆေးဝါးတွေကိုလည်း ယူသွားတာတွေရော ဖျက်ဆီးတာတွေရော လုပ်ကြတယ်။ အဲဒါကြောင့်  ကျွန်တော်တို့ဆေးရုံကို ကိုယ်ဖျောက်ထားရတယ် ” လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ်ဆန်းပိုင်းအထိ ကျန်းမာရေး ဝန်ထမ်း (၈၃)ဦးသတ်ဖြတ်ခံရပြီး ဖမ်းဆီး တရားစွဲဆိုခံရသူ (၃၅၀)ကျော်ရှိတယ်လို့ Medical Family-Mandalay အဖွဲ့ကလည်း သူတို့ကောက်ယူထားတဲ့အချက်အလက်တွေကိုထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ သူနာပြု ဆရာမ Crane ကတော့

“ ကျွန်မတို့က ဆေးကုနေတဲ့သူတွေဆိုတာကို သူတို့သိတာနဲ့ အသက်ရှင်ဖို့ ရာခိုင်နူန်းကတော်တော် နည်းသွားပြီ။ တခါတလေ ဆေးသွားကုတဲ့နေရာနားကို စစ်ကြောင်းရောက်လာပြီဆိုရင် လူနာရော ကျွန်မတို့ရော ပုန်းနေရတာပဲ ” လို့ DNA ကို ဖြေကြားခဲ့ဖူးပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူ့ဆေးရုံတွေကို အခုလိုလုပ်နေတဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုမြောက်သလို အပြည်ပြည်ဆိုင်ရာဉပဒေတွေကို ချိုးဖောက်နေတာဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး အရေးယူပေးဖို့ NUG က တောင်းဆိုထားပါတယ်။