တောင်ဥက္ကလာမှာ ကားမီးလောင်မှုဖြစ်ရာက ယာဉ်မောင်းသေဆုံး

ဖေဖော်ဝါရီ၊ ၂၈
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၈ရက် ညပိုင်းက တက္ကစီတစီးမောင်း နှင်နေရင်း ကားမီးလောင်မှုဖြစ်ကာ ယာဉ်မောင်းလည်းသေဆုံးသွားတယ်လို့ဖြစ်စဉ်ကိုကူညီပေးခဲ့တဲ့ လူမှုကယ် ဆယ်ရေးအသင်းဆီကသိရပါတယ်။
မီးလောင်မှုဖြစ်ခဲ့တဲ့ တက္ကစီကားဟာ တောင်ဥက္ကလာ၊ သစ္စာလမ်းပေါ်မောင်းနှင်လာရာက အမှတ်(၇)ရပ်ကွက်အနီးအရောက်မှာ ကားပေါ်ပါတဲ့ ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပြီး ကားမီးလောင်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ကားသိမ်းအပြန်ဖြစ်မယ်၊ ကားပေါ်မှာသူတယောက်တည်း ကားမှာအသုံးပြုတဲ့ ဂက်စ်အိုးပေါက်တာ၊ ကားထဲက မထွက်နိုင်ပဲ သေဆုံးသွားတာပါ”လို့ရွှေရောင်တွဲလက် ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
အဲ့ဒီကားမီးလောင်မှုဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့တဲ့ ရန်ကုန်မြို့ခံတချို့ကတော့ ဖြစ်စဉ်မှာ သေဆုံးထိခိုက်သူနှစ်ဦးရှိ တယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြကြပါတယ်။ မီးသတ်ဌာနကတော့ ကားမီးလောင်မှုဖြစ်စဉ်ကို ငြှိမ်းသတ်ခဲ့ရတယ်လို့ အတည်ပြုထုတ်ပြန်ထားပြီး လူသေဆုံး ထိခိုက်မှုရှိမရှိ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။
မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ယာဉ်မောင်းရဲ့ ရုပ်အလောင်းကို မျှဝေခံစား ပရဟိတ အသင်းက စံပြဆေးရုံကြီးဆီ ကူညီပို့ဆောင်ခဲ့ပြီး မိသားစုနဲ့ အဆက်အသွယ်ရဖို့ကိုလည်း စုံစမ်းနေတယ်လို့သိရပါတယ်။
Photo – Social Media