စစ်တပ်ဖမ်းသွားတဲ့ CDMသူနာပြု၊ နဖူးသေနတ်ဒဏ်ရာနဲ့ ရုပ်အလောင်းပြန်တွေ့

ဖေဖော်ဝါရီ၊ ၂၈

စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားကြီးကျေးရွာမှာ အကြမ်းမဖက် အာဏဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာပါဝင်ခဲ့တဲ့ သူနာပြုဆရာမတဦးကို စစ်တပ်က ဖမ်းသွားပြီးနောက် လေးရက်အကြာမှာနဖူးသေနတ်ဒဏ်ရာနဲ့ ရုပ်အ လောင်းပြန်တွေ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သူနာပြုဆရာမ ဒေါ်သဲသဲဝင်းဆိုသူဟ သူမနေထိုင်ရာ မိုးတားကြီးကျေးရွာမှာ စက်သုံးဆီရောင်းချနေသူဖြစ်ပြီး အဲဒီရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းက အခုလ ၂၁ ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ တာ လို့သိရပါတယ်။ 

စစ်တပ်က ဖမ်းသွားပြီးနောက် လေးရက်အကြာ  အခုလ ၂၅ ရက်မှာတော့ မိုးတားကြီးရွာအနီးက ကျွန်းပင်ရွာ အပြင်ဘက်မှာ ရုပ်အလောင်းပြန်တွေ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အလောင်းကို တွေ့တော့ နဖူးမှာ သေနတ်ဒဏ်ရာတွေ့ရတယ်၊ကြည့်ရတာတော့ နဖူးတေ့ပစ်သွားတာနဲ့တူပါတယ်၊လူကိုလည်း လက်ကိုကြိုးနဲ့ နောက်ပြန်တုပ်ထားတာပါ၊အမျိုးသမီး တယောက်ကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ ပစ်သတ်တဲ့ စစ်တပ်ရဲ့ လုပ်ရက်ကတော့ ဘယ်လောက်လူမဆန်လဲဆိုတာ ပြောဖို့လိုမယ်မထင်တော့ဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အသက်လေးဆယ်အရွယ်သူနာပြုဆရာမဟာ အာဏာမသိမ်းမီက ချင်းပြည် နယ် ဖလမ်းမြို့ ပြည်သူဆေးရုံကြီးမှာ သူနာပြုဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပြီး အာဏသိမ်းမှု ဖြစ်ပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ရွာမှာပဲ ပြန်လည်နေထိုင်နေသူဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ CDM သူနာပြုဆရာမဒေါ်သဲသဲဝင်းဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ဆေးဝါးကု သပေးတာ၊ ထောက်ပံ့မှုတွေလုပ် နေတာကို ဒလန်က စစ်တပ်ကိုသတင်းပေးတာကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရ တယ်လို့ ဒေသခံတွေက ယူဆနေ ကြပြီး DNA အနေနဲ့တော့ အဲ့ဒီအခြေအနေကိုသီးခြားအတည်မ ပြုနိုင်သေးပါဘူး။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း လေးသောင်းခွဲကျော်ရှိပြီး အဲဒီထဲက ၈၃ဦး စစ်ကောင်စီလက်ချက်နဲ့သေဆုံးခဲ့ရတယ်လို့ CDM ကျန်းမာရေး အင်အားစုတွေရဲ့ မှတ်တမ်းတွေ အရသိရပါတယ်။

ဒါ့အပြင် အခုလအတွင်းထုတ်ပြန်တဲ့ မြန်မာအမျိုးသမီးများသမဂ္ဂရဲ့ အစီရင်ခံစာတရပ်မှာတော့ အာဏာသိမ်း ကာလနှစ်နှစ်အတွင်း အမျိုးသမီး ၄၁၄ဦးသေဆုံးပြီး ၂၇၇၈ ဦးဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

ကသာမြို့နယ်မြောက်ပိုင်းဧရာဝတီမြစ်ကမ်းပါးဘေးက မိုးတားလေး၊ မိုးတားကြီးရွာတွေအပါအဝင် အနီးဝန်းကျင်ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာတွေကို ပြီးခဲ့တဲ့လကတည်း လုပ်ဆောင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း မိုးတားကြီးရွာတဝိုက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန် ခဲ့ပြီးနောက် စစ်ကောင်စီက ဇန်နဝါရီ ၁၂ရက်မှာ မိုးတားကြီးရွာ၊အဲ့ဒီနောက်တပတ်ဝန်းကျင်အကြာ ဇန်နဝါရီ ၁၈ရက်တို့မှာ မိုးတားလေးရွာတို့ကို လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သားတွေထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။