တော်လှန်မြေက နွေဦးဂုရုလေးများ

ဖေဖော်ဝါရီ၊ ၂၈

မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို လုယူထားသည်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နှစ်နှစ်တင်းတင်း ပြည့်ခဲ့ လေပြီ။ စစ်အာဏာသိမ်းမှုကြောင့် ပြိုပျက်သွားရသည့် ဘဝပေါင်းများစွာ ရှိသည်။ ထိုသူများစွာသည် တော်လှန်ရေးကာလအတွင်း ထူမတ်နိုင်အောင် ရုန်းကန်ရင်း တစ်ထောင့်တစ်နေရာမှ ပါဝင်နေကြသည်။ ထိုထဲတွင် မခင်စန္ဒာညွန့် တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။

 လူထုအရေးတော်ပုံနှစ် ၁၉၈၈ ဖေဖော်ဝါရီ ၁ ရက်၌ လူ့လောကထဲ စတင်ရောက်ရှိလာသူ မခင်စန္ဒာညွန့်၊ သူ့အသက် ၃၃ နှစ် ပြည့်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာကို လုယူခဲ့မှုကြောင့် သူ့မွေးနေ့ကို နာကျင်စွာ ဖြတ်သန်းခဲ့ရသည်။  ထို နာကျင်မှုများကပဲ စစ်အာဏာရှင်ဆန့်ကျင်မှု နွေဦးတော်လှန်ရေးတွင် ပါဝင်ရန် သူ့ကို ခွန်အားဖြစ်စေခဲ့သည်။

 “အဲဒီစိတ်အရင်းခံနဲ့ပဲ ဒါကြီးက လုံးဝကို မဖြစ်သင့်ဘူး။ အဲဒါနဲ့ပဲ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်တယ်။ အာဏာသိမ်းတာကို ဆုံးခန်းတိုင်တဲ့အထိ ဆန့်ကျင်မယ်ဆိုတဲ့ စိတ်နဲ့ စတင်ပြီး ပါဝင်ခဲ့တယ်” ဟု သူက ဆိုသည်။

 လွန်ခဲ့သည့် နှစ်နှစ်က သူ့ခံယူချက်အတိုင်းပင် ယခုအချိန်အထိ မမှိတ်မသုန် သူ ဆက်လက် လျှောက်လှမ်းနေသည်ကို ကရင်နီပြည် (ခေါ်) ကယားပြည်နယ်က “နွေဦးဂုရုလေးများ” ပညာရေးစင်တာက သက်သေထူနေသည်။ ကရင်နီပြည်သည် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေသည့် အားကောင်းရာ ဒေသတစ်ခု ဖြစ်သည်။

 “နွေဦးဂုရုလေးများ” ပညာရေးစင်တာ ဆိုသည်မှာ နွေဦးတော်လှန်ရေးကာလအတွင်း ပေါက်ဖွားလာသည့် ပညာရေးဆိုင်ရာ အဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။

 စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း မလုံခြုံမှုများကြောင့် ကရင်နီပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြသည့် မစန္ဒာ ညွန့် အပါအဝင် လူငယ်တချို့ တိုင်းရင်းသားကလေးငယ်များ အထူးသဖြင့် စစ်ရှောင်ကလေးငယ်များအတွက် ပညာသင် ကြားရေးနှင့် ပတ်သက်ပြီး လုပ်ပေးချင်စိတ်ဖြင့် စုစည်းမိရာမှ ထွက်ပေါ်လာသော ရလဒ်ဟု ဆိုနိုင်သည်။

 လူတစ်ဦးတစ်ယောက်က ဦးဆောင်သည့် ပုံစံမျိုး မဟုတ်ဘဲ မတူညီသော တိုင်းရင်းသားများ၊ ဉာဏ်ပညာရှိသူများ၊ ကြိုးစားကြသူများ စုပေါင်းလုပ်ဆောင်သည့် သဘောဖြင့် နွေဦးဂုရုလေးများကို အဖွဲ့ဝင် ၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတွင် စဖွင့်နိုင်ခဲ့သည်။

 နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို တော်လှန်ရင်း တစ်ဖက်တွင်လည်း ပိုမိုကောင်းမွန်သည့် ပညာရေး စနစ်၊ ဖက်ဒရယ်ပညာရေးစနစ် ဖြစ်လာရေးအတွက် ယခုကတည်းက အစပျိုးရန် လိုအပ်နေသည်ဟုလည်း အဖွဲ့ဝင်အားလုံး က ခံယူထားသည်။

 “ဒီနွေဦးဂုရုလေးများကို စပြီး ဖွဲ့စည်းကြတဲ့သူ ၆ ယောက် ရှိတယ်။ ဒီအဖွဲ့ထဲက သူတွေ အလုပ်ကြိုးစားကြမယ်။ တော်လှန် ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကြမယ်။ ဉာဏ်ပညာ ရှိကြမယ်ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ ပေးခဲ့ကြတာ ဖြစ် တယ်” ဟု နွေဦးဂုရုလေးများ စတင်ဖွဲ့စည်းရာမှာ ပါဝင်သူ မခင်စန္ဒာညွန့်က ပြောသည်။

 ဗမာတိုင်းရင်းသား ရန်ကုန်သူ၊ ယဉ်ကျေးမှုမနုဿဗေဒသုတေသီ မခင်စန္ဒာညွန့်တစ်ယောက် သူ့အတွက် နေရာဒေသစိမ်း တစ်ခု ဖြစ်သည့် ကရင်နီပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီးနောက် ဒေသအတွင်းရှိ အဖွဲ့အစည်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုပတ်ဝန်းကျင် စသည်တို့ဖြင့် ရင်းနှီးကျွမ်းဝင်အောင် ဦးစွာ ကြိုးစားခဲ့သည်။

 ထိုသို့ လေ့လာကြိုးစားရင်းက မြေပြင် အခက်အခဲများ၊ လိုအပ်ချက်များကို သူ သိရှိလာရပြီးနောက် ပညာရေး လိုအပ် ချက်ကို အဓိက သတိပြုမိလာခဲ့ရာမှ သူနဲ့စိတ်တူကိုယ်တူ လူငယ်များ စုစည်းမိပြီး နွေဦးဂုရုလေးများကို တည်ထောင်ဖြစ်ခဲ့ ခြင်း ဖြစ်သည်။

 “စစ်ရှောင်တွေက တစ်နေရာကနေ တစ်နေရာ တိုက်ပွဲတွေ ဖြစ်ကြပြီဆိုရင် ဖြစ်တဲ့ နေရာကနေ သူတို့ ရွာကို စွန့်ပြီး နောက် တစ်နေရာကို ရွှေ့ကြရတယ်။ လတ်တလော လုံခြုံတဲ့ နေရာနဲ့ သူတို့ ကလေးအတွက် ပညာရေး အဆင်ပြေတဲ့ နေရာကို ဦးစားပေးပြီး ရွှေ့ကြတာကို တွေ့ရတယ်။ သြော် ပညာရေးကလည်း ဒီရွှေ့ပြောင်းမှုအတွက်ကို အဓိက တွန်းအားတစ်ခု ဖြစ် နေပါလား၊ ပညာရေးလိုအပ်ချက်က မြေပြင်မှာ ရှိနေပါလား ဆိုတာကို သိလာရတယ်” ဟု မခင်စန္ဒာညွန့်က ပြောသည်။

 နွေဦးဂုရုလေးများ ပညာရေးစင်တာတွင် မိခင်ဘာသာစကားကို အဓိက သင်ကြားပေးပြီး သက်ဆိုင်ရာ စာပေယဉ်ကျေးမှု ဆရာမများက စနစ်တကျ သင်ကြားပေးနေသလို အင်္ဂလိပ်စာသင်ရိုးများကိုမူ နိုင်ငံတကာကျောင်းများမှ သင်ရိုးများဖြင့် သင်ကြားပေးလျက် ရှိသည်။

 ထို့ပြင် နွေဦးဂုရု ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စာတွေ့သာမက လက်တွေ့ဘဝ၌ပါ အသုံးချနိုင်မည့် သဘာဝ ပတ်ဝန်းကျင်ဘာသာရပ်များ၊ လူ့အခွင့်အရေး၊ စိုက်ပျိုးရေး၊ ဂီတပညာ စသည့် ဘာသာရပ်များကိုလည်း သင်ယူလေ့လာ နိုင်ကြောင်း သိရသည်။

 တစ်ဖက်တွင်လည်း စစ်ဘေးကြောင့် နစ်နာမှုများ၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုများအား ကုစားပေးနိုင်ရေး အတွက်လည်း ဖြည့်စွက်သင်ကြားပေးလျက် ရှိသည်။

 နွေဦးဂုရုလေးများ ပညာရေးစင်တာ သက်တမ်း ၁ နှစ်ကျော်လာချိန်တွင် လက်တွဲ ချိတ်ဆက် ဆောင်ရွက်ထားသည့် အဖွဲ့  ၁၅ ဖွဲ့ခန့်ရှိပြီး ကျောင်းသူ၊ ကျောင်းသားပေါင်း ၁၆၅ ဦးမှာလည်း သင်တန်းဆင်းသွားပြီ ဖြစ်သည်။

 သင်းတန်းဆင်းသွားသူများအနက် အသက် ၁၈ နှစ် ပြည့်ပြီးသူ လူငယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ သတင်း မီဒီယာ၊ စစ်ရှောင်ကူညီထောက်ပံ့ရေး စသည့် ကဏ္ဍများတွင် အလုပ်သင်အဖြစ် ဆက်လက် လေ့လာနိုင်ကြောင်း သိရသည်။

နွေဦးဂုရုလေးများ ပညာရေးစင်တာ၏ သင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်၍ မခင်စန္ဒာညွန့်က “ကျမတို့ မြန်မာပြည်မှာက ဗမာလူမျိုးကြီးဝါဒ ရှိတယ်။ ဒါက လက်ခံရမယ့် ကိစ္စ၊ အမှန်တရားပဲ။ ဒီဟာက လူ့အဖွဲ့အစည်းရဲ့ စနစ်ထဲမှာ ပါဝင်နေတယ်။

 ပညာရေးမှာဆိုလည်း ကျောင်းသင်ရိုးတွေထဲမှာ ပါဝင်နေတယ်။ ဒါတွေကို ပြင်ရမယ်။ ကိုယ့်ဒေသတစ်ခုချင်းစီရဲ့ မတူကွဲပြား တဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အစဉ်အလာ၊ မတူကွဲပြားတဲ့ ဓလေ့တွေအပေါ်မှာ ရေးဆွဲတဲ့ ဒေသအခြေပြုသင်ရိုးတွေ ဖြစ်ဖို့ ပိုအရေးကြီးတယ်။ ဒါတွေက တော်လှန်ရေးကာလအတွင်းမှာ စပြီး လုပ်သင့်နေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်” ဟု ရှင်းပြသည်။

 စစ်ရှောင်နေရသည့် တိုင်းရင်းသားလူငယ်များ ပညာဆက်လက် သင်ကြားနိုင်ရေး ကြိုးပမ်းနေသည့် ကရင်နီလူငယ်တစ်ဦး ဖြစ်သူ ခူပရူးရယ်ကလည်း ကရင်နီပြည်သည် ဒေသအကျယ်အဝန်းအားဖြင့် သေးငယ်သလို လူဦးရေမှာလည်း နည်းပါး သည့်အထဲ ပညာတတ်ဦးရေမှာလည်း ရှားပါးကြောင်း၊ ထို့အတွက် ဒေသခံ တိုင်းရင်းသားလူငယ်များ ပြန်လည် ဦးဆောင် ပြီး ပညာရေးအပိုင်းကို ပိုမို ဦးစားပေး ဆောင်ရွက်လာရခြင်း ဖြစ်ကြောင်း ပြောပြသည်။

 သူက “တစ်နေ့တစ်ချိန်မှာ ဒီလူငယ်တွေက ကျွန်တော်တို့ လူမျိုးတွေအတွက် ခေါင်းဆောင်တွေ ဖြစ်လာနိုင်တဲ့အတွက် သူတို့ အခွင့်အရေးတွေ ရရှိဖို့အတွက် စစ်ရှောင်နေရတဲ့ ကာလအတွင်းမှာပဲ တိုင်းရင်းသားလူငယ်တွေအတွက် ပညာရေး ကို ပိုပြီး ဦးစားပေး လုပ်ဆောင်ပေးနေတာ ဖြစ်တယ်” ဟုလည်း ဆိုသည်။

 ခူပရူးရယ်သည် Youth Academy College Karenni (YAC) ကျောင်း တည်ထောင်သူ ဖြစ်ပြီး နွေဦးဂုရုလေးများ ပညာရေး စင်တာဖြင့်လည်း မိတ်ဖက်ဆောင်ရွက်လျက်ရှိရာ ယခုလို အကျပ်အတည်းကာလအတွင်း ကရင်နီဒေသက ကျောင်းသား ကလေးငယ်များ ပညာဆက်လက် သင်ကြားခွင့်ရနေသည့်အတွက် ဝမ်းသာရကြောင်းလည်း သူက ပြောသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် တော်လှန်ရေးအောင်မြင်ရန် အတူတူ တိုက်ပွဲဝင်နေကြသူများ အချင်းချင်းကြား ဗမာဖြစ်လို့၊ တိုင်းရင်းသားဖြစ်လို့ ဟုဆိုသည့် ခွဲခြားဆက်ဆံမှုများ မရှိစေရေး တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ အပေးအယူ၊ အလျော့အတင်းများဖြင့် အလုပ်တွဲလုပ်လျက် ရှိကြောင်း ခူပရူးရယ်က ဆိုသည်။

 သို့သော်လည်း စစ်ပဋိပက္ခအတွင်း ပညာသင်ကြားရေးဆိုသည်မှာ စိန်ခေါ်မှုများစွာ ရှိနေဆဲ ဖြစ်သည်။ တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေရာ ရိက္ခာပစ္စည်း၊ သင်ထောက်ကူပစ္စည်းများ သယ်ယူပို့ဆောင်ရန် အချိန် ကြန့်ကြာခြင်း၊ ငွေကုန်ကြေးကျများခြင်းတို့အပြင် လုံခြုံရေးအသိ၊ သတိမှာလည်း ပြတ်လပ်၍ မရပေ။ထို့ပြင် ရေရှည်လာသည်နှင့်အမျှ ဘဏ္ဍာရေး လိုအပ်ချက်ကလည်း ရှိနေပြန်သည်။

 မခင်စန္ဒာညွန့်က “ကျောင်းထောင်ခဲ့တာ အခုဆို တစ်နှစ်ကျော်သွားပြီ။ ဘဏ္ဍာရေး လိုအပ်ချက် ရှိတယ်။ အရင်တုန်းက ကျောင်းက သုံးလဖွင့်၊ နှစ်လပိတ်ဆိုတော့ အခုဆို လာမယ့် မတ်လထဲမှာ ဒီပလိုမာတန်း ဖွင့်ဖို့ရှိတော့ ကျောင်းက တစ်ရာ သီလုံး ဖွင့်နေရမှာ ဖြစ်တယ်။ ဆိုတော့ ကျောင်းရဲ့ ရိက္ခာက လိုနေတော့မှာ ဖြစ်တယ်။ ရေရှည်စဉ်ဆက်မပြတ် ထောက်ပံ့ပေး နိုင်မယ့် အလှူရှင်မျိုးတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။

သို့သော်လည်း မည်သို့ပင် အခက်အခဲ၊ အကျပ်အတည်းများ ရှိနေပါစေ၊ ပညာသင်ကြားခွင့်ကို လျစ်လျူရှု၍မရ၊ ဆက်လက် လုပ်ဆောင်နေရမည်ဟု မခင်စန္ဒာညွန့်နှင့် နွေဦးဂုရုအဖွဲ့ဝင်များ အပါအဝင် ခူပရူးရယ် ကဲ့သို့သော ဒေသအရေး ဆောင်ရွက် နေသည့် လူငယ်များ အားလုံး၏ ရင်ထဲတွင် ခိုင်မာစွာ သံန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်သည်။