စစ်ကောင်စီ နောက်ပိုင်းကြမ်းမည်

ဖေဖော်ဝါရီ၊ ၂၈ 

စစ်ကောင်စီဟာ “အကြံကုန် ဂဠုန် ဆားချက်ရုံတင်မက ဆပ်ပြာပါချက်”ဆိုသလို အခုနှောင်းပိုင်း ကာလတွေမှာ ကြံ ရာမရ ကြံမိကြံရာ ပေါက်ပန်းလေးဆယ်တွေ ကြံစည်လာတာကို တွေ့ရပါတယ်။

အဲဒီထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဇွတ်ဖိတ်၊ ဇွတ်ခေါ်လို့ ဇွတ်ငြိမ်းချမ်းခိုင်းတာ၊ လျှပ်စစ်မီး မရှိတဲ့ နိုင်ငံမှာ လျှပ်စစ်ကားတွေ ဇွတ်ပြေးဆွဲခိုင်းတာ၊ ဆင်ဖြူဆိုတာတွေ ဇွတ်ရှာ၊ ဇွတ်တွေ့ခိုင်းတာ၊ သူထိန်းချုပ်မရ တော့တဲ့ နယ်မြေတွေကို  ခပ်တည်တည်မာရှယ်လောထုတ်ပြီး ဇွတ်ငြိမ်ခိုင်းတာစတာတွေပါသလို အခုလည်း ဖေ့စ် ဘွတ်ကြီးပေါ်ကနေ မောင်းသတင်းကြေညာလိုက်တဲ့ “လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ”လည်း အပါအဝင်ပါပဲ။

စစ်ကောင်စီက ဇန်နဝါရီ ၃၁ ရက် ရက်စွဲနဲ့ထုတ်ပြန်လိုက်တယ်ဆိုတဲ့  အနှီ”လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ” စာနဲ့ ပတ်သက်ပြီး လူထုကြား ဝေဖန်မှုအသွယ်သွယ်၊ ထင်မြင်ယူဆချက်အဖုံဖုံ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုဆိုတော့ ကိုရင်လည်း ငုတ်တုတ်တော့ ဘယ်ထိုင်နေအားပါ့မလဲ။ ငါလည်း ဝင်လွှေးဦးမှဟဲ့ဆိုပြီး အနှီ”လက်နက်ခဲယမ်းကိုင် ဆောင်ခွင့်မူ”ဆိုသဟာကို ကောက်လှန်လိုက်ပါရောလား။

အဲဒီမှာ ပထမဆုံးတွေ့ရတာကတော့ “ကိုးကွယ်သည့်ဘာသာ” ဆိုသဟာကြီးကို ဖြည့်သွင်းဖို့ ဖော်ပြထားတာပါပဲ။ အဲဒီ “ကိုးကွယ်သည့်ဘာသာ”ဆိုသဟာက ဒီနိုင်ငံမယ် မှတ်ပုံတင်ထဲလည်း မပါမဖြစ်ပါရ၊ အလုပ်လျှောက်တဲ့အခါ လည်း မဖြစ်မနေထည့်ရစသည် … စသည်အားဖြင့် ဟိုနေရာပါ၊ ဒီနေရပါနဲ့ ပါလေရာ ငါးပိချက်ကြီးကို ဖြစ်နေတော့ တာပါပဲ။ ဟင်းထဲ ဆားမပါရင်နေ ကိုးကွယ်သည့်ဘာသာ မဖြည့်မနေရဆိုတဲ့ ပြည်ထောင်မစုအာဏာရှင်ဗုဒ္ဓ ဘာသာမြန်မာနိုင်ငံကြီးပါပေပဲ။

သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသူ/ပါမစ်လျှောက်ထားသူဟာ လျှောက်ထားတဲ့အခါမှာ အနှီ“ကိုး ကွယ်သည့်ဘာသာ”ဆိုတာကို ဖြည့်စွက်ဖို့တောင်းဆိုထားပြီး အပိုဒ် ၁၉ (က) (၅)၊ ၂၀ (က) (၅)နဲ့ ၂၃ (က) (၅)တို့မှာ သုံးနေရာတိတိဖော်ပြထားပါတယ်။

အဲဒီမှာ ကိုရင် စတွေးမိတာကတော့ အဲဒီသေနတ်တွေ ကိုင်ပြီဟေ့ဆိုတာနဲ့ ဗုဒ္ဓဘာသာဝင်ဆိုရင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးမှ ကိုင်ခွင့်ပြုဖို့လား။ အခြားဘာသာဝင်တွေဆိုလည်း ဆိုင်ရာကန်တော့ခန်း တွေကို ပြုကြ၊ ကျင့်ကြပြီးမှသာ ကိုင်ခွင့်ပြု၊ ပစ်ခွင့်ပြုဖို့လား။ ဒါမှမဟုတ် ပြည်ထောင်မစုအာဏာရှင် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုသလို ဗုဒ္ဓဘာသာကိုးကွယ်သူတွေကလွဲပြီး ကျန်ဘာသာကိုးကွယ်သူတွေကို လိုင်စင်ထုတ်မပေးဖို့ လားလို့ တွေးမိတာပါပဲ။

နောက်ထပ်တွေးမိတာကတော့ သေနတ်ကိုင်ဆောင်ခွင့်ရလာတဲ့အခါ “ဤသေနတ်သည် ဗုဒ္ဓ၏ အရိပ်အောက်တွင် တည်ရှိပါသောကြောင့် ရောက်လာသူအားလုံး ဘလာ ဘလာ ဘလာ” ဆိုတာမျိုးများ ရွတ်ဖတ်ရဖို့၊ ကိုင်မယ့် သေနတ်မှာ အဲဒီစာသား ရေးထိုးရဖို့ ရှိနေလို့လားဆိုပြီး တွေးမိတာပါပဲ။ ဒါ့ပြင် နောက်တစ်မျိုးတွေးမိပြန်တာက တော့ အဲဒီသေနတ်တွေကို ကိုင်ဆောင်ခွင့်ရသူတွေဟာ ပစ်တော့၊ ခတ်တော့မယ်ဆိုရင် သူတို့ကိုးကွယ်ရာ ဘာသာ အလိုက် ဘာသာရေးစာတွေ ရွတ်ဖတ်သရဇ္ဈယ်ရဖို့၊ မန်းမှုတ်ပေးရဖို့တွေကို စစ်ကောင်စီဘက်က စီမံပေးဖို့ ရှိနေလို့ လားဆိုပြီး တွေးမိပြန်တာပေါ့။

အဲဒီ့မူနဲ့ သေနတ်ကိုင်ဆောင်ခွင့်လျှောက်မယ့်သူတွေ မဖြစ်မနေလုပ်ဖို့လိုတာကတော့ လျှောက်တော့မယ်ဆိုရင် မသွားခင်မှာ ဘုရားစာ၊ တရားစာတွေ အရင်ကျက်မှတ်လေ့လာထားဖို့ပါပဲ။ သွားလျှောက်တဲ့အခါကျမှ ဘယ် ဘာသာကိုးကွယ်လဲ အဲ့ဂါထာရွတ်ပြ၊ ဒီတရားစာရမှ ခွင့်ပြုမယ်ဆိုတာမျိုး ကြုံနေမှာစိုးလို့ စေတနာရှေ့ထား အကြံ ပြုတာပါ။ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်စတဲ့ အခြားဘာသာဝင်တွေဆိုလည်း မိမိတို့သက်ဆိုင်ရာ ဘာသာအလိုက် ကျက်မှတ်၊ ရွတ်ဖတ်၊ လေ့လာဖို့ လိုတာတွေ လေ့လာသွား၊ ကျက်မှတ်သွားကြဖို့ မှာချင်ပါတယ်။

ဒီလို “ကိုးကွယ်သည့်ဘာသာ”ဆိုတာပြီးတော့ ကိုရင် ထပ်တွေ့မိတာက ထောက်ခံချက်ယူရတာပါပဲ။ လိုင်စင်နဲ့ သော်လည်းကောင်း၊ ပါမစ်နဲ့သော်လည်းကောင်း သေနတ်ကိုင်ဖို့လျှောက်မယ်ဆိုရင် ပြည်သူ့ဝန်ထမ်းမဟုတ်သူ များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာ ရဲစခန်းတို့ကနေ တစ်လအတွင်း ရယူထားတဲ့ ထောက်ခံချက်မူရင်းပါရှိရပါမယ်တဲ့။

မစားတတ်၊ မသောက်တတ်၊ ခွင်မရိုက်တတ်တဲ့ အုပ်ကြီးနဲ့ ရဲတို့အတွက် နောက်ထပ်စားကျက်တစ်ခု ထပ်တိုးလာ တာပေါ့။ “မင်းတို့ ဧည့်စာရင်းလောက်၊ အခြားထောက်ခံစာလောက်နဲ့တင် မတင်းတိမ်နဲ့ ဟော့ဒီမှာရော့ မင်းတို့စားဖို့ နောက်ထပ်တစ်ကွက်”ဆိုပြီး သူတို့အဘသတ်ချုပ်မအလက “မောင်လေးစား”ဆိုတဲ့အကွက်ကို ထပ်တိုးစီမံပေး လိုက်တာပါပဲ။ ဒါကြောင့် ကိုရင် ပြောပါတယ်။ စစ်ကောင်စီ နောက်ပိုင်းကြမ်းမည်လို့။

အဲ … ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပြန်ဘူးဗျိုး။ လိုင်စင်ရရှိသူတွေဟာ သတ်မှတ်ထားတဲ့ လိုင်စင်ကြေးပေး သွင်းရဦးမှာပါတဲ့။ လက်စသတ်တော့ အုပ်ကြီးနဲ့ ရဲတင်မဟုတ် သတ်ချုပ်မအလက သူ့အတွက်ပါ ခွင်ရှာလိုက်တာ ပါပဲ။ အကြံကုန် ဆားချက်၊ ဆပ်ပြာချက် အကွက်ပါပဲ။ တစ်ပြား၊ တစ်ချပ်၊ တစ်ကျပ်ကအစ ထွက်တဲ့နေရာတွေ ကနေ တွင်းဆုံးလိုက်နှိုက်တဲ့ပရော့ဂျက်လို့ ဆိုရင်လည်း မမှားပေဘူးပေါ့။ ဒါကြောင့် ကိုရင် ပြောပါတယ်။ စစ်ကောင်စီ နောက်ပိုင်းကြမ်းမည်လို့။

ဒါတွေကတော့ လက်နက်တွေ မကိုင်ဆောင်ရမီ လျှောက်ထားခြင်းအကြိုကာလအကြောင်း မြင်တာပြောကြည့်တာ ပါ။ လက်နက်တွေရလာတဲ့ ကာလအကြောင်းလည်း ဆက်ကြည့်ကြရအောင်။ အခုလို လိုင်စင်/ပါမစ်နဲ့ သေနတ် တွေ ကိုင်ခွင့်ရလာမယ်ဆို ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ။

လိုင်စင်နဲ့သေနတ်တွေရလာတဲ့အခါ သူ့ခါးကြားမှာလည်း အတိုနဲ့ ငါ့ခါးကြားမှာလည်း အရှည်နဲ့ဆိုသလို အဘ အားပေး၊ အဘထောက်ခံ ခွက်ခွက်လန်တွေ ကိုယ်စီကိုယ်ငှရဲ့ ခါးကြားတွေထဲ၊ ချိုင်းကြားတွေထဲ၊ ဖင်ကြား (အရှည် တွေဆိုရင် ခါးကြား၊ ချိုင်းကြားညှပ် မရတော့ ဖင်ကြားညှပ်ရမယ်ထင်လို့)တွေထဲ အတို/အရှည်တွေ ကိုယ်စီနဲ့ ဖြစ် လာမှာပေါ့။

ဒီအခါ မနက်မောနင်း လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့အခါ “ငတို့ အဘက ကောင်းတယ်၊ ငတို့ အဘက မကောင်းဘူး” ဆိုပေတဲ့ စကားဝိုင်းဖွဲ့ပြောကြဆိုကြရင်း စိတ်အခန့်မသင့်ရာက ဒေါသတွေပါလာ။ ဒေါသတွေ ပါလာရာက သူ့ခါး ကြားက အတိုထုတ်၊ ငါ့ဖင်ကြားက အရှည်ထုတ်လို့ မြန်မာဇာတ်ကားတွေထဲကလို “ဒိုင်းညှောင့် … ဒိုင်းညှောင့်” ဆိုပစ်။

တစ်ဖန် ရီဝေဝေညနေခင်းမှာ ဘုံဆိုင်မှာအတူဆုံရင်း “ငါးထောင် စားတာ ကောင်းတယ်၊ တစ်သောင်း စားက ပိုကောင်းတယ်”လို့ ငြင်းကြ၊ ခုန်ကြရင်း စိတ်အခန့်မသင့်ရာက သူ့ချိုင်းကြားက အတိုထုတ်၊ ငါ့ဖင်ကြားက အရှည် ထုတ်လို့ “ဒိုင်းညှောင့် … ဒိုင်းညှောင့်”နဲ့ ကြမ်းကြ၊ ရမ်းကြမှာကိုတော့ ရှင်းရှင်းနဲ့ ဗွင်းဗွင်းကြီးကို မြင်နေမိပါတယ်။ ဒါကြောင့် ကိုရင် ပြောပါတယ်။ စစ်ကောင်စီ နောက်ပိုင်းကြမ်းမည်လို့။

ဒါတင်ပဲလားဆိုတော့ ဘယ်ကဦးမလဲ။ ရပ်ကွက်၊ ကျေးရွာ အုပ်ကြီးရုံးခန်းတွေကနေ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ပြည်နယ်၊ ပြည်ထောင်စု အုပ်ကြီးတွေရုံးခန်းအထိ မသဒ္ဓါရေစာတွေကို ဝေစုခွဲ အဝေမတည့်ကြရင်းကနေ “ဒိုင်းညှောင့် … ဒိုင်းညှောင့်” ကြ။ တန်ခိုးကြီးဘုရား၊ တန်ခိုးမကြီးဘုရားအဆူဆူရဲ့ အလှူခံပုံးတွေကို အပြိုင် လုကြရင်း “ဒိုင်းညှောင့် … ဒိုင်းညှောင့်”ကြဆိုတာတွေလည်း ကြားကြ၊ မြင်ကြရဦးမှာပေါ့။

အနှီလက်ဖက်ရည်ဝိုင်း၊ အရက်ဝိုင်း၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အုပ်ကြီးရုံးခန်း၊ အလှူခံပုံးတွေကနေ လိုင်းကြေး၊ ကေတီဗွီ ကြေး၊ မာဆတ်ကြေး၊ ကြက်ကြေး၊ ဝက်ကြေး၊ ဖွတ်ကြေး၊ ဖားကြေး၊ ဘာကြေး၊ ညာကြေး၊ အဘကြေးဆိုတာတွေ အထိ “ကိုကြီး – ညီလေး” ကနေ “မင်းဘာလဲ – ငါဘာလဲ”၊ “မင်းဘယ်လဲ – ငါဘယ်လဲ”တွေနဲ့  “ဒိုင်းညှောင့်”ကြဦးမှာ လည်း မြင်ယောင်နေမိပါသေးတော့တယ်။ ဒါကြောင့် ကိုရင် ပြောပါတယ်။ စစ်ကောင်စီ နောက်ပိုင်းကြမ်းမည်လို့။

အနှီစစ်ကောင်စီဟာ ရှေ့ပိုင်းမှာလည်း တော်တော်လေးကြမ်းခဲ့ပြီးပါပြီ။ အာဏာသိမ်းစ ပလာတာလု၊ ဒံပေါက်လု၊ ဆိုင်ကယ်လု၊ ကားလု၊ စျေးဆိုင်ဖောက်စတာတွေနဲ့ ကြမ်းပြခဲ့သလို “မဆုတ်တမ်းခံစစ်” ဆိုပြီး လက်နက်တွေချည်း ထားပစ်ပြေးသွားတာမျိုး၊ “ငါမသေ ငါ့စခန်း မကျစေရ”ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကျောပေး ခြေကုန်သုတ်ပြေးခဲ့တာ မျိုးကနေ “ငါ့လက်နက် မပါစေရ၊ ငါ့စခန်းမကျစေရ”ဆိုပေမင့် လက်နက်ကော စခန်းပါ ထားပြေးတာတွေလည်း ဒုနဲ့ဒေးဆို သလိုကို ကြမ်းပြသွားတာပါပဲ။

အဲ…အခုလည်း ဆိုခဲ့၊ ပြောခဲ့သလို လိုင်စင်/ပါမစ်လက်နက်တွေနဲ့ ကြမ်းပြ၊ ရမ်းပြလာဦးတော့မှာဖြစ်သလို ဟိုရှေး ယခင်များကလိုပဲ ရိုးရာမပျက် ထုံးတမ်းစဉ်လာအတိုင်း လက်နက်အလှူကြီးတွေ၊ အောက်ခြေတပ်သား အဆင့်ဆင့်တို့ရဲ့ အသက်အလှူကြီးတွေ ဆက်ပေးရင်း ဟောဒီက စစ်ကောင်စီကြီးဟာ နောင်ပိုင်းမှာလည်း ဆက်ပြီး ဆက်ပြီးကြမ်းပြပါလိမ့်ဦးမယ်။

ဒါတင်မကသေး အချင်းချင်းကြား စားခွက်လုရင်း၊ ထိုင်ခုံလုရင်း၊ အာဏာပါဝါလုရင်းလည်း တိုက်ကြ၊ ခိုက်ကြ၊ ကိုက် ကြနဲ့ ကြမ်းပြပါလိမ့်ဦးမယ်ဆိုတာ မိတ်ဆွေအပေါင်းထံ ကောင်းသတင်း ကြေညာ မောင်းခတ်လိုက် ရပါတယ်။

ကိုရင်နွေဦး