ဖေဖော်ဝါရီ၊ ၂၇
လူမှုအရင်းဆိုတဲ့ စကားလုံးဟာ မြန်မာတို့နားမှာ သိပ် မအပ်စပ်သေးပါ။ အသုံးနည်းလွန်းတဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရဖြစ်ပါတယ်။ လူမှုအရင်းဆိုတာ “Social Capital” ဆိုတဲ့ စကားလုံးက လာပါတယ်။ လူမှုအရင်းဆိုတာ လူ့အဖွဲ့အစည်းထဲက လူအချင်းချင်းအကြား ယုံကြည်မှု ဝင်ရိုးလို့ အနက်ဖွင့်လို့ ရမယ် ထင်တယ်။ လူအချင်းချင်း အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ ယုံကြည်မှုကော်စေး ကပ်အားကောင်းမှ ဖြစ်မယ်။ လူအချင်းချင်းအကြား ယုံကြည်မှု အားကောင်းလေလေ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလေလေ လို့ ပြောနိုင်တယ်။ ဒါ့ကြောင့် လူမှုကော်စေးလို့ တိုက်ရိုက်သုံးရင် ပိုကောင်းမယ်။
လူမှုကော်စေးက ပိုကပ်အားကောင်းအောင် ဘယ်လိုအရာတွေက ကျေးဇူးပြုပါသလဲ။ ကျေးဇူးပြုတဲ့အရာတွေကတော့ တရားဝင် ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ လူမှုနှုန်းစံတွေ ဟုတ်ချင်မှ ဟုတ်မယ်။ လူအားလုံးက တကူးတက ပြဋ္ဌာန်း သဘောညီထားတဲ့ နှုန်းစံ တန်ဖိုးတွေတော့ မဟုတ်ဘူး။ လူအများက တကူးတက ပြဋ္ဌာန်းသတ်မှတ်ထားခြင်း မရှိသော နှုန်းစံတန်ဖိုးတွေကို လူမှုအရင်းလို့ ပြောနိုင်တယ်။ လူမှုအရင်း အားကောင်းလေလေ၊ လူအချင်းချင်းအကြား အစေးကပ်မှု ပိုအားကောင်းလေလေ ဖြစ်ပါတယ်။ လူအချင်းချင်းကြား ပိုပြီး အစေးကပ်လေလေ လူ့အဖွဲ့အစည်းဟာ ပဋိပက္ခတွေ နည်းလေလေ လို့ ပြောနိုင်ပါတယ်။
လူမှုကော်စေး ကပ်အားကောင်းအောင် လုပ်သင့်တဲ့အရာတွေ ရှိပါတယ်။ အဲဒါတွေကတော့ —
- ပေါင်းစည်းရေး တံတားတွေ ထိုးတာ။
- အပြန်အလှန် ခံစားချက်တွေ ဖလှယ်တာ။
- အချင်းချင်း စုဖွဲ့မှုဓလေ့ကို မြဲမြံခိုင်မာစေတာ။
- မတူကွဲပြားမှုကို နားလည်လက်ခံတာ။
- ဖြစ်တည်မှုအားလုံးက တစ်သားတည်းလို့ ခံစားကြရတာ။
လူတွေအချင်းချင်းအကြား တစ်ယောက်ကို တစ်ယောက် ယုံကြတာဟာ အလကားပဲတင်းတော့ မရပါ။ လူမှုအရင်းဆိုတာ – ထုံးတမ်းစဉ်လာအရ ဖြစ်တည်လာတဲ့ ရိုးရာဓလေ့တွေရဲ့ အပံ့အပိုးလည်း ပါပါတယ်။ တစ်ရွာတည်း တစ်ရပ်ကွက်တည်း နေပြီးတော့ တကူးတက မတွေ့ဖြစ် / မဆုံဖြစ်ကြပေမယ့် ဘုရားပွဲမှာ ဖြစ်ဖြစ် ၊ ဓမ္မာရုံမှာ ဥပ္ပါသ်စောင့်ရင်း ဖြစ်ဖြစ် တွေ့ကြ ဆုံကြတာတွေကို ပြောတာ။ အလှူအတန်းလုပ်ရင်း ဘုရားမှာ ဆုံတယ်၊ ဘုန်းကြီးကျောင်းမှာ ဆုံဖြစ်ကြတယ်။ ဒါဟာ ဓလေ့ထုံးစံ အစဉ်အလာရဲ့ ကျေးဇူးပြုမှုနဲ့ တစ်ယောက်နဲ့ တစ်ယောက် / တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်မိလာတာ၊ ဆုံတွေ့မိလာတာတွေကို ပြောတာ။
ဗမာ့ဓလေ့ / မြန်မာ့ဓလေ့မှာ ရှိတယ်။ တပို့တွဲလရောက်ရင် ရပ်ထဲ ရွာထဲမှာ ထမင်းနဲထိုးပွဲတွေ လုပ်တယ်။ ထမင်းနဲ ထိုးပွဲဟာ ဗမာ့ဓလေ့အရ စုဖွဲ့ ပေါင်းဖွဲ့ လုပ်ကြတဲ့ ပွဲတော်တစ်ခုပဲ။ ထမင်းနဲ ထိုးတဲ့အခါ အများနဲ့ ဝိုင်းဖွဲ့ စုဖွဲ့ပြီး လုပ်ကြရတာပဲ။ တခါတရံ ကိုယ့်နံဘေးက အိမ်နီးချင်းနဲ့ တစ်ပတ်နေလို့မှ တစ်ခါ စကားပြောဖြစ်ချင်မှ ပြောဖြစ်မယ်။ ဒါပေမယ့် ထမင်းနဲထိုးရင်း ထမင်းနဲဝေရင်း တွေ့ဖြစ် ဆုံဖြစ် စကားပြောဖြစ်ကြတာပဲ မဟုတ်လား။ ဒါဟာ ဓလေ့ယဉ်ကျေးမှုကနေ ကျေးဇူးပြုတဲ့ လူမှုကော်စေးပါ။
တစ်ယောက်နဲ့ တစ်ယောက် ကျေးဇူးပြုတဲ့ အလေ့အထ၊ တစ်ဦးနဲ့ တစ်ဦး ဖေးမတဲ့ အလေ့အထဟာ အင်မတန် ချစ်စရာကောင်းပါတယ်။ လူတွေအချင်းချင်းအကြား နားလည်မှု ပိုမြင့်လာလေလေ၊ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်မှု မြင့်မားလေလေပါပဲ။
လူမှုအရင်း အားကောင်းအောင်
- ချိတ်ဆက်တာ
- ဆက်သွယ်တာ
- စည်းနှောင်တာ
စတာတွေကို လုပ်ကြမှာပဲ။ ဒါက အခြေခံပဲ။
ဓလေ့ထုံးစံတွေကို အကြောင်းပြုပြီး ချိတ်ဆက်လို့ ရတယ်၊ ဆက်သွယ်လို့ ရတယ်၊ စည်းနှောင်လို့ ရတယ်။ ရည်မှန်းချက် တူရာ၊ ယုံကြည်မှုတူရာ တူရာတွေကို အကြောင်းပြုပြီး လူမှုအရပ်ဘက်အဖွဲ့အစည်းတွေ စုဖွဲ့ကြတယ်။ ရပ်ကွက်ထဲက ဘုံဆွမ်းလောင်းအသင်းဟာ ဗမာ့လူမှုအရင်းကို အထင်အရှားပြနေတဲ့ သာဓကပဲ။ ထမင်းနဲထိုးပွဲဟာ ရပ်ထဲရွာထဲက ရပ်သားရွာသူအချင်းချင်းအကြား အစေးကပ်မှုကို ပြနေတာပဲ။ သင်္ကြန်ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် အေးမြခြင်းတွေ ကမ်းလှမ်းတဲ့ ဓလေ့အထုံကို ပြနေတာပဲ။
လူမှုကော်စေး ကပ်အားကောင်းတယ်ဆိုတာ — အတ္တကြီးနေလို့ မရဘူး။ ဆုပ်ထားလို့ ကိုင်ထားလို့ မရဘူး။ ဖြန့်ထားရတယ်။ ပေးဝေရတယ်။ မနာလို ဝန်တိုစိတ် အားကြီးတဲ့ အကျင့်တွေဟာ လူအချင်းချင်းအကြား ကပ်အားကောင်းအောင် လုပ်မပေးနိုင်ဘူး။ ပေးဝေတတ်တဲ့အကျင့်၊ မျှဝေတတ်တဲ့အလေ့အကျင့် မရှိရင် အချင်းချင်းအကြား ကပ်အား မကောင်းနိုင်ဘူး။ လက်သီးဆုပ်ထားတာထက် လက်ကို ဖြန့်ထားတာက ပေါင်းစည်းမှုမှာ အခရာကျပါတယ်။
ဗမာတွေရဲ့ လူမှုအလေ့အထကို ကြည့်ရင် — ပေးဝေတတ်တဲ့ မျှဝေတတ်တဲ့ စိတ်ထားရှိတာတွေ့ရတယ်။ ပေးရ ကမ်းရ လှူရ တန်းရတာကို သဘောကျ နှစ်ခြိုက်တဲ့ လူမျိုးဖြစ်တယ်။ ဗမာ့လူ့အဖွဲ့အစည်းနဲ့ နီးကပ်တဲ့ ရှမ်းလူမျိုးတွေလည်း ထိုနည်းလည်းကောင်းပဲ။ “တစ်မူးရလို့ တစ်ပဲလှူ – ဒို့ရှမ်းတောင်သူ တူနိုင်ရိုးလား” လို့ ပြောကြတယ်မလား။ ဗုဒ္ဓဘာသာယဉ်ကျေးမှုကနေ လာတဲ့ ဓလေ့ထုံးစံတွေဟာ လူမျိုးအားဖြင့် ကွဲပြားနေစေကာမူ၊ တူညီနေတဲ့ ကျင့်ထုံးတွေ တွေ့ရတယ် မဟုတ်လား။ ဗုဒ္ဓဘာသာယဉ်ကျေးမှုမှာ တွေ့ရတဲ့ ရက်ရောခြင်း ၊ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း ဆိုတာဟာ လူမှုကော်စေး ကပ်အားကောင်းခြင်းကို သွယ်ဝိုက်သော နည်းနဲ့ ကျေးဇူးပြုနေတယ်။ ဒါဟာ ရိုးရာဓလေ့ကနေ လာတဲ့ ယဉ်ကျေးမှုပဲ။ ဒီအလေ့အထကို ဘာသာရေးနယ်မှာတင် ရပ်နေတာ မဟုတ်ဘဲနဲ့ တခြားသော နယ်ပယ်ကဏ္ဍတွေအထိ တိုးသွားချဲ့သွားရင် လူ့အဖွဲ့အစည်းရဲ့ ကော်စေးက ပိုစေးပျစ်လာမှာပဲ။
အချင်းချင်းအကြားမှာ လူမှုကော်စေး ကပ်အားကောင်းလာတာနဲ့ အမျှ၊ ပဋိပက္ခတွေ လျော့လာမယ်။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခ၊ လူမျိုးစုပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရှိတယ်။ နိုင်ငံရေးမှာ နိုင်ငံရေးကော်စေး ကပ်အားကောင်းကောင်း နဲ့ တည်ဆောက်ရမှာတွေ ရှိတယ်။ လူမျိုးရေးမှာ လူမျိုးရေးကော်စေး ကပ်အားကောင်းအောင် တည်ဆောက်ရမှာတွေ ရှိတယ်။ ဒါဆိုရင် လက်နက်ကိုင်ပဋိပက္ခဆီ ရောက်လာမှာ မဟုတ်ဘူး။ အခုဟာက နိုင်ငံရေးနဲ့ လူမျိုးရေးမှာ ကပ်အားမကောင်းကြလို့ ခွာပြဲပြီး လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့အထိ ထိုးဆင်းသွားတာ မျက်မြင်ပဲ။
ဗမာ့လူမှုဓလေ့မှာ ကပ်အားကောင်းကောင်းနဲ့ အချင်းချင်း အစေးကပ်အောင် ပြန်လုပ်ကြရမှာတွေ ရှိတယ်။ ဒါကို စာပေ အနုပညာ ဂီတ ယဉ်ကျေးမှုတွေနဲ့ လုပ်ရမယ်။ နိုင်ငံရေးဟာ အဆိပ်အတောက်များတယ်။ နိုင်ငံရေးနည်းနဲ့ လုပ်ရင် ဘေးထွက်ဆိုးကျိုးရှိတယ်။ နိုင်ငံရေးမဟုတ်တဲ့ နည်းနာလမ်းကြောင်းတွေကနေ တစ်ဆင့် လူမှုအစေးကပ်မှုကို ပြန်တည်ဆောက်ရမယ်။ အဲသည့်အတွက် အရေးကြီးတဲ့ အချက်တွေ ရှိတယ်။ လူ့အဖွဲ့အစည်းထဲမှာ အချင်းချင်း ကောင်းတာတွေကို မျှဝေဖို့ ဖလှယ်ဖို့ဟာ အထူးအရေးကြီးတာပဲ။ ကောင်းတာတွေကို ဖလှယ်တဲ့ အလေ့အထတွေ ရှင်သန်အောင် မွေးမြူရလိမ့်မယ်။ မြန်မာ့လူ့အဖွဲ့အစည်းဟာ အကျဘက်ကို မရအောင် ဆွဲထိန်းထားဖို့ အထူး ကြိုးစားရမယ်။ အဲသည့်အတွက် ဘာသာရေးနည်းတွေ ယဉ်ကျေးမှုနည်းတွေနဲ့ စာပေ အနုပညာနယ်တွေကို ကျယ်နိုင်သမျှ ကျယ်အောင် ဖြန့်ကြမှ ကောင်းလိမ့်မယ်။
လက်နက်ကိုင်ပဋိပက္ခသက်ဆိုးရှည်တာဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ပြန်အဖတ်ဆယ်လို့ မရလောက်အောင် ချောက်ကမ်းပါးထဲ ဆွဲခေါ်သွားလိမ့်မယ်။ ဒါကို ထိန်းဖို့ လူမှုကော်စေးကို ပိုအစေးကပ်လာအောင် နိုင်ငံရေးမဟုတ်တဲ့ နည်းတွေနဲ့ ပြန် ကြိုးစားကြရမယ်လို့ ယူဆတယ်။