ဖေဖော်ဝါရီ၊ ၂၇
အနောက်နိုင်ငံတွေဟာ ရုရှားကို ဖြိုခွဲဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစား လုပ်ဆောင်နေကြကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
Rossiya 1နဲ့ အင်တာဗျူးမှာ ပူတင် ပြောဆိုခဲ့တဲ့ စကားတချို့ကို ရုရှား အစိုးရပိုင် RIA Novosti သတင်းဌာနက ကောက်နုတ် ဖော်ပြချိန်မှာ အဲဒီလို စွပ်စွဲမှု ပါဝင်လာတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ အရေးကြီးတဲ့ ရည်မှန်းချက် တစ်ခုက ဆိုဗီယက် ပြည်ထောင်စုကို ဖြိုခွဲဖို့ဖြစ်ပြီး အဲဒီကမှတဆင့် ဆိုဗီယက်ရဲ့ ပင်မ အစိတ်အပိုင်း ဖြစ်ခဲ့တဲ့ လက်ရှိ ရုရှားနိုင်ငံကို ဆက်လက် ဖျက်ဆီးဖို့လို့ ပူတင်က ဆိုပါတယ်။
ရုရှားနိုင်ငံကို ဖြိုခွဲပြီးတဲ့ အခါကျမှ ရုရှားတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲ ပါဝင်လာသလိုလို ပြောဆိုကြဦးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ပြိုကွဲနေတဲ့ အပိုင်းတခုစီကို ခွဲခြားဆက်ဆံဦးမှာ သေချာကြောင်းလည်း ပူတင်က ပြောပါတယ်။
အဲဒီ အင်တာဗျူးထဲမှာ ပူတင်က ရုရှား အနေနဲ့ NATO မဟာမိတ် အဖွဲ့ရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို သတိပြု စဉ်းစားဖို့ လိုတယ်လို့လည်း ထည့်သွင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။
လက်ရှိ အခြေအနေကို ကြည့်မယ်ဆိုရင် NATO အဖွဲ့ထဲက ဦးဆောင်နိုင်ငံတွေရဲ့ ခေါင်းဆောင် အသီးသီးဟာ ရုရှားကို မဟာဗျူဟာအရ ချေမှုန်းတိုက်ခိုက်လိုတဲ့ ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဖွင့်ပြောထားကြကြောင်း၊ ဒီအခြေအနေမျိုးမှာ အဲဒီနိုင်ငံတွေရဲ့ နျူကလီးယား လက်နက်စွမ်းရည်ကို ရုရှားအနေနဲ့ မျက်ကွယ်ပြုထားလို့ မရတော့ကြောင်း သူက ဆိုပါတယ်။
ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့ချိန် ကတည်းက ရုရှား နျူကလီးယား တပ်တွေကို ခေတ်နဲ့အမီ အဆင့်မြှင့်တင်ဖို့ အရေးကြီးကြောင်း အစဉ်တစိုက် ပြောဆိုခဲ့ပါတယ်။
အမေရိကန်ရော၊ NATOကပါ ရုရှားကို အပြုတ်ဖြုတ်ချင်နေတဲ့ အချိန်မျိုးမှာ ရုရှားရဲ့ နျူကလီးယား လက်နက်တိုက်တွေကို သူတို့စိတ်ကြိုက် ခြယ်လှယ်သွားနိုင်တဲ့ အဆင့်မျိုးမှာ ခေတ်နောက်ကျ ကျန်နေစေလို့ လုံးဝ မရဘူးလို့ ပူတင်က ပြောကြားသွားခဲ့ပါတယ်။
Ref: RIA