နိုင်ငံကူးလက်မှတ်လျှောက်ဖို့ အွန်းလိုင်းရက်ချိန်းယူမှု တရက်ပြန်လည်ရပ်နား၊တရက်တည်းရက်ချိန်းယူသူ ရှစ်ထောင်ကျော်ရှိ

ဖေဖာ်၀ါရီ၊ ၂၅

နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အွန်လိုင်းကရက်ချိန်းယူတဲ့စနစ်ပြန်လည်စတင်တဲ့ ဖေဖော်ဝါရီ ၂၄ရက် မနေ့က တ ရက်တည်း ရက်ချိန်းယူသူ ၈၅၀၀ကျော်ရှိခဲ့တယ်လို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးလက်မှတ်ထုတ်ပေးမှုတွေကို ကာလအတန်ကြာရပ်နားထားပြီး မနေ့ကစလို့ အွန်လိုင်းဘွတ်ကင် စနစ် ပြန်လည်စတင်ရာမှာ အဆင်မပြေမှုတွေရှိခဲ့တယ်လို့ ရက်ချိန်းယူဖို့ကြိုးစားသူတွေကပြောကြပါတယ်။

စစ်ကောင်စီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ဘက်ကလည်း စနစ်လိုအပ်ချက်တွေရှိနေတယ်လို့ဆိုကာ ဒီ ကနေ့မှာ အွန်လိုင်းရက်ချိန်းယူခွင့်ကို ရပ်နားထားပြီး မနက်ဖြန် ဖေဖော်ဝါရီ ၂၆ရက်မှာ ပြန်လည်ခွင့်ပြုမယ်လို့ ထုတ်ပြန်ပါတယ်။

“သူ့ဝက်ဆိုက်ထဲကိုဝင်မရတာ၊တခြားအသိတွေလည်း မနေ့ကမိုးလင်းကနေမိုးချုပ် အထိဝင်နေတာမရဘူး၊ တော်တော်စုတ်တဲ့နည်းပညာသုံးထားတာ”လို့ ရက်ချိန်းလျှောက်ထားဖို့ကြိုးစားနေသူတဦးကပြောပါတယ်။

ကိုယ်တိုင်လျှောက်ထားသူတွေအနေနဲ့ အဲ့ဒီလို အဆင်မပြေမှုတွေရှိပေမယ့် ပွဲစားတွေကတော့ အလွယ်တကူ လျှောက်ထားလို့ရကြောင်းနဲ့ဝန်ဆောင်မှုပေးမယ့်အကြောင်းဆွဲဆောင်နေကြတယ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ဖို့ကြိုးစားနေသူတွေကဆိုပါတယ်။

“ငွေပေးပြီးလျှောက်လို့ရတဲ့လမ်းကြောင်းတွေရှိတယ်ပြောတယ်၊ကျွန်တော်ကတော့ကိုယ့်ဘာသာရသလောက်ကြိုးစားကြည့်ဦးမယ်၊မရတော့မှပွဲစားလက်အပ်ရမှာ”လို့ ပြည်ပကို အလုပ်သွားလုပ်ဖို့ပြင်ဆင်နေသူတဦးက ပြောပါတယ်။ 

အွန်လိုင်းကနေ ရက်ချိန်းယူတဲ့စနစ် ပြန်လည်စတင်တဲ့ မနေ့ကလည်း ရက်ချိန်းယူသူတွေထဲ ပွဲစားတွေလည်း ပါဝင်ကြပြီး အဲ့ဒီပွဲစားတွေနဲ့ချိတ်ဆက်ထားသူတွေကတော့ အလွယ်တကူရက်ချိန်းရကြတယ်လို့ ဆိုပါတယ်။

“ပွဲစားတွေကကျပ်တသိန်းဝန်းကျင်နဲ့လုပ်ပေးတယ်ပြောတယ်၊တယောက်နဲ့တယောက်တော့စျေးနှုန်းမတူဘူး”လို့ နိုင်ငံကူးလက်မှတ်လုပ်ဖို့ကြိုးစားနေသူတဦးကပြောပါတယ်။

မြန်မာနိူင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာတော့ မနေ့က Online Appointment Systemနဲ့ရက်ချိန်းလျှောက်ထားရယူသူ ၈၅၂၉ဦး ရှိခဲ့ပြီး စမ်းသပ်ဆောင်ရွက်မူအဆင်ပြေတယ်လို့ဆိုပါတယ်။

ဒါပေမယ့် တချို့လျှောက်ထားသူတွေအနေနဲ့ ငွေပေးချေပြီးပေမယ့် ရက်ချိန်းအကြောင်းပြန်ချက်ပြန်မရတာ မျိုး တွေရှိခဲ့ပြီးအဲဒီလို ကြုံရသူတွေအနေနဲ့  ဝက်ဆိုက်ဒ်ရဲ့ Home Pageကနေ ရက်ချိန်း စစ်ဆေးရန်ဆိုတဲ့ခလုတ်နှိပ် ကာ အမည်၊နိုင်ငံသားစိစစ်​ရေးနံပါတ်ရိုက်ထည့် ပြီးစစ်ဆေးနိူင်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် Online Appointment System ကိုလိုအပ်ချက်အနည်းငယ်ပြင်ဆင်မွမ်းမံဖို့ရှိတာကြောင့် ဒီကနေ့ တရက်တာ ရပ်နားတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။