ဖေဖာ်၀ါရီ၊ ၂၅
အခုသီတင်းပတ်ထဲမှာ တာဝေးပစ် ခရုစ်ဒုံးကျည် လေးစင်း စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က မြောက်ကိုရီးယား အစိုးရက အဲဒီမတိုင်ခင် တရက်မှာ အရှေ့ဖက် ပင်လယ်ပြင်ကို တာဝေးပစ် ခရုစ်ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာ မှန်ကန်ကြောင်း အတည်ပြုသွားပါတယ်။ ဒါဟာ ပြိုင်ဘက် နိုင်ငံတွေရဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ သဘောထားလည်း ဖြစ်တယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။
အခုသီတင်းပတ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ကိုရီးယား ကျွန်းဆွယ်တဝိုက်မှာ လေတပ် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတာကို မြောက်ကိုရီးယားက ရည်ညွှန်းခဲ့တာပါ။
အဲဒီ လက်နက် စမ်းသပ်မှုဟာ မြောက်ကိုရီးယား အနေနဲ့ ကျူးကျော် တိုက်ခိုက်လာမှုတွေကို ဘယ်လောက် လျင်လျင်မြန်မြန် တန်ပြန်ကိုင်တွယ်နိုင်စွမ်း ရှိသလဲ ဆိုတာကို ဆန်းစစ်ကြည့်တဲ့ အဓိပ္ပါယ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနရဲ့ အဆိုအရ ဒုံးကျည် ၄ စင်းဟာ ၃ နာရီ နီးပါးလောက် ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ အမြင့်ပျံသန်းပြီး ကီလိုမီတာ ၂၀၀၀ လောက် အကွာက ပစ်မှတ်တွေကို ချေမှုန်းနိုင်တယ်လို့လည်း KCNAက ပြောပါတယ်။
တောင်ကိုရီးယားကလည်း မြောက်ကိုရီးယား ဒုံးကျည် ၄ စင်း ပစ်ခတ်မှုကို အတည်ပြုခဲ့ပြီး ပင်လယ်ပြင်ထဲ ကျဆင်းသွားတဲ့အထိ အဲဒီ ဒုံးကျည်တွေရဲ့ ပျံသန်းမှု လမ်းကြောင်းကို စောင့်ကြည့်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။
မြောက်ကိုရီးယားဟာ တာဝေးပျံသန်းနိုင်တဲ့ ခရုစ်ဒုံးကျည် အမျိုးအစားကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ခရုစ်ဒုံးကျည်တွေကို နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ အဆင့်ထိ ဆက်တိုက် အဆင့်မြှင့်တင် တည်ဆောက်နေခဲ့တယ်လို့ ယုံကြည်ရပါတယ်။