အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ချိတ်ဆက်ဖွဲ့စည်းထားတဲ့ ကြားကာလအွန်လိုင်းစာသင်ကျောင်းမှာ ကျောင်းအပ်နှံထားတဲ့ ကျောင်းသားနဲ့ကျောင်းသားမိဘတွေရဲ့အချက်အလက်တွေ ပေါက်ကြားသွားတဲ့အကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေက ဖေဖော်ဝါရီ ၂၁ ညပိုင်းကစပြီး ဖြန့်ချီလာပါတယ်။
အခုလို အွန်လိုင်းစာသင်ကျောင်းက အချက်အလက်တွေပေါက်ကြားတာဟာ အဖွဲ့အစည်းမှာ စစ်ကောင်စီဘက်ကပါဝင်ပတ်သက်သူတွေ ပါဝင်နေတာကြောင့်ဖြစ်နိုင်သလို စစ်အုပ်စုရဲ့ ဝါဒဖြန့်ချီမှုတခုလည်း ဖြစ်နိုင်တယ်လို့ NUG ပြောခွင့်ရ ကိုနေဘုန်းလတ်က ဆိုပါတယ်။
‘’ဒီလိုမျိုး Data ပေါက်ကြားမှုက လူကြောင့်ဖြစ်တာပေါ့၊ အကြမ်းဖက်အုပ်စုရဲ့ ဒလန်တွေတချို့သောအဖွဲ့အစည်းတွေမှာ ပါဝင်နေတာကြောင့်ဖြစ်နိုင်သလို ကိုယ့်ဘက်က လုပ်မှားကိုင်မှား နည်းပညာတတ်ကျွမ်းမှုအားနည်းတာကြောင့် ပါသွားတာလည်းဖြစ်နိုင်တယ်။ နောက်တမျိုးဖြစ်နိုင်တာက ပေါက်ကြားတဲ့ data ကနည်းနည်း အဲဒီအပေါ်မှာ data အမှားတွေနဲ့ ပေါင်းစပ်ပြီး ပေါက်ကြားတယ်ဆိုပြီးလုပ်နိုင်တာလည်းဖြစ်နိုင်တယ်’’ လို့ ကိုနေဘုန်းလတ်က သုံးသပ်ပြောဆိုပါတယ်။
ဒါ့အပြင် ဒီအခြေအနေနဲ့ပတ်သက်ပြီး NUG က စုံစမ်းစစ်ဆေးမှုတွေလုပ်နေသလို အလားတူကိစ္စတွေထပ်မဖြစ်အောင် ဥပဒေတွေ ပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
‘’NUG အနေနဲ့ ပညာရေးဝန်ကြီးဌာနက ဒီလိုကိစ္စတွေဖြစ်တိုင်းမှာ စုံစမ်းစစ်ဆေးရေးတွေလုပ်ခဲ့တယ်။ ပေါ်ပေါက်မှုတွေအပေါ်မှုတည်ပြီး အရေးယူဖို့လုပ်နေတယ်။ ဒီလိုကိစ္စတွေထပ်ဖြစ်မလာအောင် CRPH နဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်နေတာလည်းရှိတယ်’’ လို့ NUG ပြောခွင့်ရ ကိုနေဘုန်းလတ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဇူလိုင်လမှာလည်း NUG ရဲ့အွန်လိုင်းစာသင်ကျောင်းတခုဖြစ်တဲ့ ကောင်းဖော်ယူကျောင်းက တည်ထောင်သူ ဆရာကောင်းသိုက်စိုးအပါအဝင် ဆရာသုံးဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက်ဆက်တွဲအချက်အလက်တချို့ ပေါက်ကြားခဲ့တာကြောင့် ဆရာ၊ ဆရာမတချို့ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
‘’ ဒီအချက်အလက်ပေါက်တာနဲ့ ပတ်သက်ပြီး ဒီဟာက တကြိမ်တည်းမဟုတ်တော့ဘူး။ နစ်ကြိမ်၊ သုံးကြိမ်ဖြစ်နေပြီဆိုတော့ ကောင်းတဲ့ လက္ခဏာတော့မဟုတ်ဘူး။ တဖက်မှာတော့ ရန်သူရဲ့ သပ်လျှိူသွေးခွဲမှုလို့ပြောလို့ရပေမယ့် တခါခံရရင်တော့ ရန်သူရဲ့ သက်လျှိူသွေးခွဲမှုကြောင့် နှစ်ခါဆိုရင်တော့ ကျွန်တော်တို့ညံ့လို့ ၃ခါဖမ်းရင်တော့ ကျွန်တော်တို့အသုံးမကျမှုလို့ ဝန်ခံရမလိုဖြစ်သွားပြီ’’ လို့ အခြေခံပညာရေးလုပ်သားများသမဂ္ဂ ဗဟိုကော်မတီဝင် ဆရာနောင်ချို က ပြောပါတယ်။
ဒါကြောင့် NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ပညာရေးကျောင်းတွေအတွက် သေချာစနစ်တကျ ထိန်းကျောင်းနိုင်တဲ့ ယန္တာရားတခုလိုအပ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
‘’ ကျောင်းတွေရဲ့ငွေကြေးစီးဆင်းမှုတွေ၊ ကျောင်းတွေရဲ့ကျောင်းသားစာရင်းကောက်ယူမှုပုံစံတွေကို တသမတ်ထဲ ချမှတ်ဖို့လိုတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ကောက်ယူရမယ်ဆိုတာကိုလည်း ညွှန်ကြားဖို့လိုတယ်လို့ယူဆတယ်။
အဆင်ပြေသလိုနည်းလမ်းနဲ့ စာရင်းကောက်ယူတော့ ဘယ်ကနေအချက်အလက်ပေါက်ကြားတယ်ဆိုတာကို ပြန်လိုက်ရမယ့်ပုံစံမျိုုးဖြစ်နေတော့တူညီတဲ့ ကျောင်းသားစာရင်း ကောက်ယူကောက်တဲ့ပုံစံမျိုး ထားသင့်ပြီလို့ထင်တယ်လို့’’ ဆရာနောင်ချိုက ဆက်ပြောပါတယ်။
တဖက်မှာလည်း ဒီအခြေအနေတွေကြောင့် လက်ရှိမှာလည်း ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတချို့ဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း မြင့်တက်နေတယ်လို့ ပြောဆိုကြပါတယ်။
”သားသမီးပညာရေးရပ်မသွားစေချင်လို့ အွန်လိုင်းပညာရေးကျောင်းတွေမှာပဲ အခက်အခဲကြားက ကြိုးစားပြီးထားပေးရတာ၊ အခုလိုတွေဖြစ်တော့ ဆက်မထားချင်တော့ဘူး။ ဖုန်းဆင်းကတ်တွေ ထုတ်ထားကြဖို့ပြောလို့ ဆင်းကတ်တွေလည်းထုတ်ထားရတယ်။ ဘာဖြစ်မလဲမသိတော့ အကုန်စိတ်ပူနေရတယ်” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ကျောင်းတွင်းအချက်အလက်တွေပေါက်ကြားမှုနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းကို စာရင်းပေးသွင်းထားတဲ့ ဖုန်းဆင်းကပ်တွေကို အသုံးပြုတာရပ်ထားဖို့ ၊ အချက်အလက်တချို့ ဖျက်သိမ်းထားဖို့ အိမ်တွေမှာ သတိနဲ့နေကြဖို့ ကိုလည်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး ကထုတ်ပြန်ထားပါတယ်။