ဒီတစ်ပတ်မှာတော့ — အယ်ဒီတာအဖွဲ့ထံ မေးခွန်းတစ်ခု ရောက်ရှိလာပါတယ်။ အဲဒီ့ မေးခွန်းကို ဧရာဝတီတိုင်းက ကိုလင်းမြတ်က မေးမြန်းထားတာဖြစ်ပါတယ်။ မေးခွန်းကတော့ — ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်း ဘယ်လို ကွာခြားသလဲဆိုတာကို အရှင်းဆုံး ပြောပြဖို့ မေးမြန်းထားတာဖြစ်ပါတယ်။
တကယ်တော့ ကွန်ဖက်ဒရေးရှင်းစနစ် ၊ ဖက်ဒရယ်စနစ် နဲ့ ဗဟိုဦးစီးစနစ် ဆိုတဲ့ ပုံစံ (၃) ခုကို နှိုင်းယှဉ်ပြီး ရှင်းလင်းမှ လိုရင်းရောက်မယ်လို့ ယူဆပါတယ်။
၁။ ဗဟိုဦးစီးစနစ်ဆိုတာကတော့ — ဗဟိုအစိုးရ တစ်ရပ်တည်းသာရှိပြီးတော့ အဲသည့်ဗဟိုအစိုးရက နေရာစုံ ကဏ္ဍစုံ အလွှာစုံမှာ ဗြူရိုကရေစီယန္တရားကို အသုံးပြုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေး ပုံစံ တစ်ခုဖြစ်ပါတယ်။ ထက် – အောက် အဆင့်တွေ များပြီး တင်းကျပ်သော ထိန်းချုပ်ရေးလက်တံတွေနဲ့ တည်ဆောက်ထားတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ လိုရင်းပြောရရင် ဗဟိုအစိုးရက အာဏာ လွန်ကဲစွာ ရယူထိန်းချုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။
၂။ ကွန်ဖက်ဒရေးရှင်းစနစ်ကတော့ — ဗဟိုအစိုးရက အားပျော့ပြီး ပြည်နယ်အစိုးရတွေက အာဏာလုပ်ပိုင်ခွင့် အလွန်အကျွံ အမြောက်အမြား ရရှိထားတဲ့ ပုံစံ ဖြစ်ပါတယ်။ ဗဟိုဦးစီးစနစ် (centralization) ဟာ ဗဟိုအစိုးရကသာ အာဏာလွန်ကဲစွာ ရယူထားတဲ့ပုံစံဖြစ်ပြီး ကွန်ဖက်ဒရေးရှင်းစနစ်ဆိုတာကတော့ ဗဟိုဦးစီးစနစ်နဲ့ ပြောင်းပြန် ဖြစ်ပါတယ်။ ပြည်နယ်အစိုးရတွေက ဗဟိုအစိုးရထက် အာဏာ အလွန်အမင်း ရရှိထားတဲ့ ပုံစံ တစ်ခုဖြစ်ကြောင်း ပြောနိုင်ပါတယ်။ ကွန်ဖက်ဒရေးရှင်းစနစ်မှာ ဗဟိုအစိုးရဟာ — သဘာပတိအဆင့်၊ ရုပ်ပြအဆင့်လောက်သာ ဖွဲ့တည်ထားနိုင်တာတွေကိုလည်း တွေ့နိုင်ပါတယ်။
၃။ ဖက်ဒရယ်စနစ်ကတော့ — ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အာဏာခွဲဝေမှုတွေကို လိုက်လျောညီထွေရှိစွာ၊ သဘာဝကျစွာ၊ စည်းစနစ်ကျနစွာ နဲ့ ယထာဘူတကျကျ ခွဲဝေပိုင်းခြားကျင့်သုံးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဗဟိုအစိုးရမှာလည်း အာဏာနဲ့ လုပ်ပိုင်ခွင့် အလွန်အကျွံ များပြားတာမျိုး မဖြစ်သလို၊ ပြည်နယ်အစိုးရတွေမှာလည်း အာဏာ လုပ်ပိုင်ခွင့် လွန်ကဲစွာ ပေးထားတာမျိုး မဟုတ်ပါ။ နိုင်ငံတော်အဆင့် လုပ်ဆောင်ရမယ့် နယ်ပယ် ကဏ္ဍမျိုးမှာ၊ ဗဟိုအစိုးရက တာဝန်ယူလုပ်ဆောင်ပြီး ဒေသအခြေပြု လုပ်ဆောင်မှ ထိရောက်မယ့် ကဏ္ဍမျိုးတွေမှာ ပြည်နယ်အစိုးရက တာဝန်ယူလုပ်ဆောင်ခြင်းတွေကို ဖက်ဒရယ်စနစ်မှာ တွေ့ရပါတယ်။
လိုရင်းအချုပ် ပြောရရင် ။
ကွန်ဖက်ဒရေးရှင်းစနစ်ဟာ — ပြည်နယ်အစိုးရတွေဟာ ဗဟိုအစိုးရ ထက် အာဏာလွန်ကဲစွာ ယူထား / ရထားတဲ့ စနစ်ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အာဏာခွဲဝေမှု သမမျှတပြီး သဘာဝကျတဲ့ ကျင့်ထုံးကို တွေ့ရတဲ့ စနစ်ဖြစ်ပါကြောင်း….
အယ်ဒီတာအဖွဲ့
Delta News Agency
၂၂ – ဖေဖော်ဝါရီ – ၂၀၂၃