စစ်ကောင်စီဖက်က သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းအမှု ငွေဒဏ်တသိန်းနဲ့ပြီးဆုံး

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ်စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ အဂတိအမှုအတွက် တရားလိုဖက်မှာ သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီ တရားရုံးက သူအပေါ်စွဲဆိုထားတဲ့ ပြစ်မှုအတွက် ငွေဒဏ်သာချမှတ်ခဲ့တယ်လို့ တရားရေး အသိုင်းအဝိုင်းက သိရပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချူပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးဖြိုးမင်းသိန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ – ၁၃၀(က)နဲ့ စစ်တပ်က စွဲဆိုထားတဲ့ အမှုအတွက် ဒဏ်ငွေကျပ်တသိန်း သာချမှတ်ခဲ့တာပါ။

” သူ(ဖြိုးမင်းသိန်း) ကိုစွဲဆိုတဲ့ ဒီလိုပုဒ်မတွေနဲ့ပဲ ဒေါ်စုနဲ့ သမ္မတဦးဝင်းမြင့်ကိုလည်း စွဲခဲ့တာပါပဲ ။သူတို့ကျတော့ ထောင်ဒဏ်တွေသက်မှတ်ပြီး တခြားတယောက်ကျတော့ ဒဏ်ငွေဆိုတော့ ဒါကဘာကိုပြလည်းဆိုရင် စစ်တပ်အောက်မှာ ဥပဒေကညီမျှမှုမရှိတော့ဘူးဆိုတာပြတာပေါ့ ” လို့ တရားရေးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်အထိချမှတ်နိုင်တဲ့ရာဇသတ်ကြီးပုဒ်မ – ၁၃၀ (က) ဆိုတာ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်ဩဇာသုံးမှုနဲ့ ဆိုင်တဲ့ ပုဒ်မဖြစ်သလို စစ်တပ်အာဏသိမ်းပြီးနောက် ဦးဖြိုးမင်းသိန်းအပေါ်စွဲဆိုထားတဲ့ တခုတည်းသော အမှုလည်းဖြစ်ပါတယ်။

အဲဒီ ပုဒ်မနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တချို့ကို စစ်ကောင်စီက တရားစွဲဆိုခဲ့ပြီး တရားအသီးသီးက အမြင့်ဆုံးထောင်ဒဏ်တွေ ချမှတ်ခဲ့ကြတာပါ။

ဦးဖြိုးမင်းသိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာနဲ့ရွှေတွေပေးခဲ့ရတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတဲ့အဂိတိမှုမှာ တရားလိုပြသက်သေအဖြစ်ထွက်ဆိုခဲ့ပါသေးတယ်။


Photo – CJ