ဖားကန့်မှာ စစ်အုပ်စုကပိတ်ဆို့ထားလို့ စက်သုံးဆီနဲ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်အုပ်စုက စက်သုံးဆီတင်ကားတွေကို ပိတ်ပင်ထားတဲ့အတွက် အကန့်အသတ်နဲ့သာ တင်သွင်းနေရပြီး  စက်သုံးဆီနဲ့ စားသောက်ကုန် တွေဈေးနှုန်း မြင့်တက်နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တလလောက်ကတည်းက ကာမိုင်းနဲ့ ဖားကန့်သွားကားလမ်းပေါ်က နယားစစ်ဆေးဂိတ်မှာ စက်သုံးဆီတင်ကားတွေကို စစ်အုပ်စုက ဖားကန့်မြို့ထဲပေးမဝင်ဘဲ ပိတ်ပင်ထားတာလို့သိရပါတယ်။

လက်ရှိဖားကန့်မှာ ပရီမီယံဆီ တလီတာကို ကျပ်၃၇၀၀ နီးပါးရှိပြီး တဂါလံကို ကျပ်၁၅၀၀၀ ခွဲဝန်းကျင်လောက် ဈေးတက်နေတယ်လို့ ဖားကန့်မြို့နယ် မှော်ပုံဒေသခံတဦးကပြောပါတယ်။

“လုပ်ငန်းကိုင်တာတွေလုပ်ရခက်တာရယ်၊ဆီဈေးနှုန်းတွေကြီးတာရယ်ဆိုတော့ သွားရေး လာရေးမှာ အခက်အခဲတွေတော့ရှိနေပါတယ်၊ငါးရက်လောက်ဆီဆိုင်တွေကလည်း ပိတ်လိုက်တယ် ဆီပြတ်တယ်ဆိုပြီး အဲ့အခါဆိုရင် ဈေးတက်ဝယ်ရတယ်၊ဆီတဂါလံကို နှစ်သောင်းလောက်ပေးဝယ်ရတာအထိဖြစ်တာပေါ့နော်၊ဆိုင်ကယ်ဆိုရင် တပုလင်းကို တသောင်းလောက်အထိပေးဝယ်ခဲ့ရတာတွေလည်းရှိတယ် ” လို့ သူကပြောပါတယ်။

ဖားကန့်ကို ကုန်စည်တွေဝင်တဲ့ လမ်းကြောင်းနှစ်ခုကို စစ်အုပ်စုက အကြောင်းမဲ့ ပိတ်ပင်တတ်သလို နယားဂိတ်မှာ တစ်ရက်ကိုစက်သုံးဆီတင်ကားအစီးရေ ၁၅၀ ဝန်းကျင်လောက်အထိ ပိတ်မိနေပြီး ဖားကန့်မြို့ထဲကို ဆီပေပါကားတွေနဲ့ ပြောင်းလဲသယ်ယူနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

” အရင်ကတော့ ကာမိုင်းရွာထွက်မှာ ဂိတ်ရှိတယ်၊အခုတော့မရှိတော့ဘူး ၈ မိုင်လမ်းခွဲမှာ တဂိတ်ရှိမယ်၊ အဲဒါကိုကျော်လာရင် နယားဂိတ်ဆိုတာရှိတယ်၊အဲဒီမှာ ဆီကားတွေ တန်းဆီထားရတယ်၊ အရင်ကတော့ သုံးရက်လောက်ပဲပိတ်တာ အခုတော့ ကြာပြီး ကားကြီးတွေပေးမဝင်ဘူး ကားသေးတွေနဲ့ ဆီကိုပြန်ကဲ့ပြီးသယ်နေရတယ် ” လို့ သေခံတဦးကပြောပါတယ်။

အလာတူးပဲ ဖားကန့်မှာ ကန့်သတ်မှုတွေကြောင့်လက်ရှိ ဆန်၊ ဆီဈေးနဲ့ အခြားစားသောက်ကုန်ဈေးတွေလည်းမြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဆန်ဈေးကိုက ရိုးရိုးတောင် တအိတ်ကို တသိန်းကျော်သွားပြီ ၊အရင်တုန်းက ဒီချိန်ဆို ဆန်တစ်အိတ်ကို လေးသောင်းလောက်ပဲရှိတယ်၊ မိုးတွင်းတော့ နည်းနည်းတက်တယ်၊ဒါပေမယ့် အခုလောက်မတက်ဘူး၊ အခုက အကုန်လုံးဈေးတက်နေတာ တလလောက်ရှိပြီ ” လို့ ဖားကန်မြို့ လယ်ပြင်ရပ်က ဒေသခံတဦးကပြောပါတယ်။ 

ဖားကန့်မြို့ကို စစ်အုပ်စုက ဘာကြောင့်အခုလိုပိတ်ဆို့ထားတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ လက်ရှိမှာ KIA နဲ့ စစ်ကောင်စီတို့ကြား ကချင်ပြည်နယ်အတွင်းအပါအဝင် KIA တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားတဲ့ ဒေသတွေမှာတိုက်ပွဲဖြစ်နေတာတွေရှိပေမယ့်ဖားကန့်မှာတော့ လတ်တလော တိုက်ပွဲကြီးကြီးမားမား ဖြစ်နေတာ မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခု နှစ်ကစလို့ ဖားကန့်ဒေသကိုစက်သုံးဆီနဲ့ဆန်သယ်ယူတင်ပို့ခွင့်ပိတ်ပင်တာကို စစ်ကောင်စီက မကြာခဏ လုပ်လေ့ရှိပါတယ်။