ရုရှားသမ္မတ စီးနင်းတဲ့လေယာဉ်က ကျဆုံး စစ်သား အလောင်းတွေ သယ်ယူပေးနေရတယ်လို့ဆို

ရုရှား သမ္မတရဲ့ စီးတော်လေယာဉ်တွေကို တာဝန်ယူရတဲ့ လေကြောင်းလိုင်းဟာ နာရေးဝန်ဆောင်မှု လေကြောင်းလိုင်း တစ်ခုအသွင် တိုးတိုးတိတ်တိတ် ပြောင်းလဲလာနေပါတယ်။

 Moscow Times သတင်းဌာနရဲ့ အဆိုအရ အစိုးရပိုင် Aeroflot Group လက်အောက်ခံ Rossiya လေကြောင်းလိုင်းဟာ အခုအခါမှာတော့ ယူကရိန်း စစ်မြေပြင်က ကျဆုံးစစ်သည်တွေကို ရုရှားနိုင်ငံဆီ ခေါက်တုံ့ခေါက်ပြန် သယ်ယူရတဲ့ တာဝန်ကို ယူထားရကြောင်း သိရပါတယ်။

 အဲဒီနောက် တိုက်ပွဲကျထားတဲ့ စစ်သည်တွေရဲ့ အလောင်းတွေကို ရေခဲတိုက် တော်တော်များများဆီ ဖြန့်ဝေ ပို့ဆောင်စေပြီးမှ နာရေးကိစ္စတွေ ဆက်စီစဉ်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ကျဆုံးစစ်သည် အလောင်းတွေ အများအပြား ရှိနေတာမျိုးက အများပြည်သူရဲ့ အာရုံစိုက်မှုကို ခံရပြီး မကျေမနပ် ဆူပူမှုတွေ ဖြစ်လာနိုင်တာကြောင့်ပါ။

 Rossiyaဟာ ဂျက်လေယာဉ် ၆၈ စီးနဲ့ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုနေတဲ့ လေကြောင်းလိုင်း ဖြစ်ပြီး သမ္မတ စီးတော် လေယာဉ်တွေကိုပါ စီစဉ်ပေးနေရကျ ဖြစ်ပါတယ်။

 လေကြောင်းပျံသန်းမှု စောင့်ကြည့်ရေး အချက်အလက်တွေအရ လေကြောင်းလိုင်းပိုင် လေယာဉ်တွေဟာ ရှေ့တန်းစစ်မြေပြင်နဲ့ နီးတဲ့ ဧရိယာတွေဆီ ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေခဲ့တာကို တွေ့ရပါတယ်။ အစောဆုံး မှတ်တမ်းအရ Rossiyaရဲ့ TU-134a-3 အမျိုးအစား လေယာဉ်တစ်စီးဟာ ပြီးခဲ့တဲ့နှစ်၊ မတ် ၂ ရက်တုန်းက ကျဆုံးစစ်သားတွေကို ပထမဆုံး ပြန်သယ်ယူခဲ့တယ်လို့ သိရပါတယ်။

 အဲဒီ လေယာဉ်ရဲ့ အမြီးပါ နံပါတ်ဟာ RA-65911ဖြစ်ပြီး တူညီတဲ့ အမျိုးအစား၊ တူညီတဲ့ နံပါတ်နဲ့ လေယာဉ်တစ်စီးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ၂၀၁၆ တုန်းက ပြည်ပ ခရီးစဉ်တွေမှာ သမ္မတ စီးတော်လေယာဉ်အဖြစ် အသုံးပြုခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အခုလဆန်းပိုင်း အချိန်ထိ အတောအတွင်း Rossiyaရဲ့ လေယာဉ်တွေဟာ ရုပ်အလောင်းတွေ သယ်ယူဖို့ အကြိမ်ပေါင်း အတော်များများ တာဝန်ယူ ပျံသန်းခဲ့ရပြီး ဖြစ်ပါတယ်။

 အဲဒီထဲမှာ သမ္မတလေယာဉ်လို့ သတ်မှတ်နိုင်တဲ့ RA-65911ရဲ့ ခရီးစဉ်တွေလည်း တူညီတဲ့ လမ်းကြောင်းမျိုးတွေနဲ့ ပါဝင်နေတာ တွေ့ရပါတယ်။ လေယာဉ်တွေဟာ ရုရှားထိန်းချုပ် နယ်မြေတွေမှာ ဆင်းသက်လေ့ ရှိတာကြောင့် ရုပ်အလောင်းတွေကို ဘယ်နေရာတွေက သယ်ဆောင်လာပြီး လေယာဉ်ပေါ် တင်ပေးလေ့ ရှိသလဲ ဆိုတာကိုတော့ မသိရပါဘူး။

 အခုတွေ့ရှိချက်နဲ့ ပတ်သက်လို့ ရုရှား သမ္မတရုံးနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကို Moscow Timesက ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။ ဒါပေမဲ့ ရုရှား စစ်ဘက်နဲ့ လေကြောင်းပျံသန်းရေးဆိုင်ရာ ပညာရှင်တွေကတော့ ရုပ်အလောင်းတွေ သယ်ရာမှာ သမ္မတ စီးတော်လေယာဉ်ပါ ပါဝင်ပတ်သက်ခဲ့တယ် ဆိုတာမျိုး သူတို့ သတိမပြုမိကြောင်း မှတ်ချက်ပေးထားပါတယ်။