ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အထွေထွေကုန်ဈေးနှုန်းတွေနဲ့ စားသုံးဆီဈေးနှုန်းတွေကြီးမြင့်လာတာတွေ ဒေသထွက်ကုန်ကြမ်းရှားပါးလာတာတွေကြောင့် ဧရာဝတီတိုင်းအတွင်းက စားသောက်ကုန်လုပ်ငန်းတချို့နဲ့ လက်မှုလုပ်ငန်းတချို့ရပ်ဆိုင်းထားတာတနှစ်ကျော်ရှိနေပြီလို့ လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာတွေကြောင့်လည်း လုပ်ငန်းတချို့မလည်ပတ်နိုင်ဘဲရပ်ဆိုင်းရတာတွေလည်းရှိနေတယ်လို့ဆိုကြပါတယ်။
ညောင်တုန်းမြို့နယ်အတွင်းက စားသောက်ကုန်လုပ်ငန်းတခုဖြစ်တဲ့ က္ကစ္ဆိတံငှက်ပျော်ကြော်လုပ်ငန်းဟာလည်း အဲဒီအခြေအနေတွေကြောင့် လုပ်ငန်းရပ်ဆိုင်းထားရတယ်လို့ မြို့ခံလုပ်ငန်းရှင်တဦးကပြောပါတယ်။
” က္ကစ္ဆိတံငှက်ပျော်ကြော်လုပ်ငန်းဆိုရင်အလုပ်ရပ်ထားတာတနှစ်ရှိပြီ။ အခုအထိမလည်နိုင်သေးဘူး။ဝန်ထမ်းတွေလည်းလျော့ချလိုက်ရတယ်။အခြားလုပ်ငန်းတွေဆိုလည်းအတူတူပဲ။အလုပ်ရုံ၅ခုလောက်ကိုရပ်လိုက်ရပြီ။မီတာခမပေးနိုင်တာနဲ့ စားသုံးဆီစျေးတွေကြီးတာလည်းပါတယ်”လို့ လုပ်ငန်းရှင်ကဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းထဲက လက်မှုလုပ်ငန်းတွေဖြစ်တဲ့ ဝါးခမောက်၊ ယပ်တောင်၊ သင်ဖြူးဖျာလုပ်ငန်းတွေဟာ လုပ်ကိုင်သူလုပ်သားရှားပါးလာတာတွေ ဈေးနှုန်းမရရှိတာတွေကြောင့် လုပ်ကိုင်တဲ့လုပ်ငန်းရှင်တွေမရှိသလောက်ဖြစ်လာတယ်လို့လည်း မြို့ခံတွေကဆိုကြပါတယ်။
” ဝါးခမောက်ရက်တဲ့အလုပ်တွေပျောက်သွားတာကြာပြီ။ ရက်လုပ်သူမရှိသလောက်ဖြစ်သွားတယ်။အခုနိုင်ငံရေးအခြေအနေဖြစ်ပြီးတော့မှပိုဆိုးသွားတာ၊နောက်စျေးဆိုင်တွေကိုသွားသွင်းရင်စျေးနှိမ်ခံရတာဆိုတော့မရက်လုပ်ကြတော့ဘူး”လို့ ညောင်တုန်းမြို့ နတ်ပေးကျေးရွာဒေသခံတဦးကဆိုပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ထင်ရှားတဲ့သင်ဖြူးဖျာလုပ်ငန်းဟာလည်း ကုန်ကြမ်းရှားပါးသလို ဒေသခံတွေပြည်ပထွက်ခွာမှုများတာကြောင့် ရက်လုပ်သူအရေအတွက်ဟာ အာဏာမသိမ်းခင်ကာလထက် အများကြီးလျော့ကျသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“အရင်ကိုဗစ်ဖြစ်ခဲ့တဲ့တုန်းကရော အခုအာဏာသိမ်းတာပါဆက်သွားတော့ သင်ဖြူးဖျာရက်တဲ့သူတွေအရင်ထက်နည်းသွားပြီ။ ထိုင်းတို့မလေးတို့ကိုထွက်သွားကြတာများသွားတယ်။ကုန်ကြမ်းဖြစ်တဲ့သင်ဖျူတွေကိုသွားရိတ်ဖို့ကလူသိပ်မရှိတော့တာလည်းပါတယ်” လို့ ပန်းတနော်ဒေသခံအမျိုးသမီးတဦးကဆိုပါတယ်။
ဧရာဝတီတိုင်းဒေသမှာဆိုရင် ဒေသတွင်းလက်မှုလုပ်ငန်းတွေနဲ့ ဒေသထွက်အစားစာထုတ်လုပ်တဲ့လုပ်ငန်းတွေကို ပုသိမ်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူနဲ့ ဟင်္သာတမြို့နယ်တွေဘက်မှာ တပိုင်တနိုင်လုပ်ငန်းတွေအဖြစ်လုပ်ကိုင်တာများပြားသလို လုပ်ငန်းကြီးတွေလည်းရှိကြပါတယ်။
လက်ရှိမှာတော့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်ကြောင့် တပိုင်တနိုင်လုပ်ငန်းတွေဟာလုပ်ကိုင်သူနည်းပါးလာပြီးရပ်ဆိုင်းထားရတဲ့အခြေအနေတွေဖြစ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အသေးစားလုပ်ငန်းတွေကိုထောက်ပံ့မယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာပြောနေသလို စီးပွားရေးတိုးတက်နေတယ်လို့ မကြာခဏပြောလေ့ရှိပါတယ်။